Pages - Menu

12 Nov 2012

အိုမင်းမှုကို ဘယ်လို တားဆီးကာကွယ်ထားမလဲ

ဝနေထိုင်မှု ပုံစံကို ရိုးရိုးရှင်းရှင်း ပြောင်းလဲမှုလေးတွေ လုပ်လိုက်ရုံနဲ့ သင့်စိတ်နဲ့ ခန္ဓာကိုယ်ရဲ့ သက္ကရာဇ် အတော်များများကို ဖြိုဖျက်ပစ် နိုင်တယ်ဆိုတာ သိပ္ပံပညာရှင်တွေနဲ့ ဆေးပညာရှင်တွေ လုပ်ခဲ့တဲ့ လေ့လာမှုတွေအရ သိရပါတယ်။ အောက်ပါတို့ဟာ ပညာရှင်တွေ အကြံပြုထားတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

နာနတ်သီး ပိုစားပါ
နာနတ်သီးဟာ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ပါတဲ့ တစ်ခုတည်းသော အစားအစာ ဖြစ်ပါတယ်။ Bromelain ဟာ အရိုးအဆစ် ရောင်ရမ်းမှုကြောင့် ဖြစ်တဲ့ နာကျင်မှုကို ထိထိရောက်ရောက် သက်သာစေပါတယ်။ Bromelain မှာ အချို့အကိုက်အခဲ ပျောက်ဆေး (NSAIDs) တွေထက် ပိုပြီး အားကောင်းတဲ့ အရောင်ကျစေနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ရှိပါတယ်။
နာကျင်ရောင်ရမ်းနေတဲ့ အဆစ်ကို အဓိက ဦးတည်သက်သာစေတာပါ။ ဒါ့အပြင် လတ်တလော လေ့လာမှုတွေအရ နေ့စဉ် နာနတ်သီး ခွက်တစ်ခွက်စာ သုံးကြိမ်စားခြင်းဟာ အသက်ကြီးလာခြင်းကြောင့် ဖြစ်တဲ့ မြင်လွှာ ယိုယွင်းမှု ဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ သိရပါတယ်။

သွားကြားပွတ်ကြိုး သုံးပါ
အမေရိကန်သွားရောဂါဆိုင်ရာ အကယ်ဒမီရဲ့ လေ့လာမှုအရ အသက် ၅၅ နှစ်အထက် လူတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ သွားဖုံးရောဂါရှိတယ်လို့ သိရပါတယ်။ သွားဖုံးရောဂါဟာ သင့်မှာ လေဖြတ်နိုင်ခြေကို နှစ်ဆပိုတိုးစေပါတယ်။ သင့်ခံတွင်းမှာ ဘတ်တီးရီးယားတွေ စုပုံလာရာမှ သွေးစီးကြောင်းထဲကို ရောက်သွားပြီး လည်ပင်းသွေးလွှတ်ကြောမှာ အဆီတွေက တဖြည်းဖြည်းမာလာပြီး ပြုတ်ထွက်သွားရင် ဦးနှောက်ကို သွားတဲ့ သွေးစီးဆင်းမှုကို ပိတ်ဆို့စေနိုင်ပါတယ်။ သွားဖုံးရောဂါ မဖြစ်အောင် သွားတိုက်ရုံနဲ့ မလုံလောက်ဘဲ သွားကြားပွတ်ကြိုး (Floss) ပါသုံးပြီး သွားတွေကို သန့်စင်ပေးဖို့ လိုပါတယ်။

ဗီတာမင် အားဆေး သောက်ပါ
လေ့လာမှုတွေအရ ဗီတာမင်စီနဲ့အီးဟာ အယ်လ်ဇိုင်းမား ရောဂါ ဖြစ်နိုင်ခြေကို ၆၄ ရာခိုင်နှုန်းအထိ လျော့နည်းစေတယ်လို့ သိရပါတယ်။ ဒီဗီတာမင် နှစ်ခုကို အတူပေါင်းခြင်းဟာ ဆဲလ်တွေ ထိခိုက်ပျက်စီးမှုကို ဟန့်တားဖို့ အကာအကွယ်တစ်ခု အနေနဲ့ ဆောင်ရွက်နိုင်ပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ထိန်းသိမ်းပေး ထားပါတယ်။ ဒါ့အပြင် ဗီတာမင်စီ ပါဝင်တဲ့ ခရင်မ်တွေ လိမ်းတာကလည်း အညိုရောင် အစက်အပျောက်တွေ ဖြစ်ပေါ်မှုနဲ့ ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်ကွဲတာကို လျော့နည်းစေနိုင်ပါတယ်။

ဖုန်စုပ်စက် မှန်မှန်သုံးပါ သင့်အိမ်မှာရှိတဲ့ ဖုန်တွေကို ဖုန်စုပ်စက်သုံးပြီး မှန်မှန် သန့်ရှင်းပေးတာဟာ သင့်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေအတွက် လေ့ကျင့်ခန်းလုပ်နေသလို အကျိုးပြုပါတယ်။ ဖုန်စုပ်စက်ကို ရှေ့တိုး နောက်ဆုတ်တွန်းပြီး ဖုန်စုပ်တဲ့အခါ သင့်ခန္ဓာကိုယ် အလယ်ပိုင်းက ကြွက်သားတွေကို တင်းလိုက်၊ လျော့လိုက် ထပ်ကာထပ်ကာ ဖြစ်စေပါတယ်။ ဒါ့အပြင် ဖုန်စုပ်စက်ရဲ့ အလေးချိန်ကလည်း ကြွက်သားတွေကို ပိုပြီးတော့ ခက်ခက်ခဲခဲ အလုပ်လုပ်အောင် ခုခံအားတစ်ခု ဖြစ်စေပါတယ်။

နောက်တစ်ချက်ကတော့ ဖုန်စုပ်စက် သုံးခြင်းဟာ သင့်ခါး၊ လက်ရုံးကြွက်သားနဲ့ လက်မောင်းရင်းနောက်ဘက် ကြွက်သားတွေကို သန်မာစေပါတယ်။ အထက်ပါ အကြုံပြုချက် နည်းလမ်းလေးတွေကို လိုက်နာရင် သင်ဟာ သင့်ခန္ဓာကိုယ်နဲ့ စိတ်ရဲ့ အချိန်ကာလတွေကို လအနည်းငယ် ဒါမှ မဟုတ် နှစ်အနည်းငယ် နောက်ကို ပြန်ရွှေ့နိုင်ပါလိမ့်မယ်။
Ref: Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More