လိမ္မော်သီးနှင့်ပတ်သက်၍
ဥတုဘောဇနသင်္ဂဟကျမ်း၌ လိမ္မော်သီးသည် မွှေးသောရနံ့ရှိ၏။ ချို၏၊ အနဲငယ်ချဉ်၏၊
နှုတ်ကို မြိန်စေ၏၊သလိပ်ကို နိုင်၏၊ နှလုံးကို နှစ်သက်စေတတ်၏ဟု၎င်း၊
ဒဗ္ဗဂုဏပကာသနီကျမ်း၌ လိမ္မော်သီးသည် လေကိုနိုင်၏။ နှလုံးကို ကြည်လင်စေတတ်၏။ အော့အန်နာကို ပျောက်စေ၏ဟု၎င်း။
ဇီဝိတဝဍ္ဎနကျမ်း၌
အချိုများသော လိမ္မော်သီးကို ဆားအနည်းငယ်နှင့်တို့၍စားလျှင် သလိပ်ရွှင်၍
ဆီးများစေသည်။ အချိုများသော လိမ္မော်သီးသည် သလိပ်ကပ်၊ ချောင်းဆိုး၍
ကိုယ်ပူစေတတ်သည်ဟု၎င်း။
သဘာဝဓမ္မအလင်းပြ
ကျမ်း၌ လိမ္မော်သီးသည် အကြောင်းဥဏှငြိမ်းစေသော သီတတေဇောဓာတ်စာ၊ အေး၊ ချဉ်၊
သီတ၊ အာကာသဓာတ်စာ၊ အရသာချို,ချဉ် အကျိုးသွား ဆီးများ၊ လေသက်ဟု၎င်း။
ဓတာသြသဓရာသီကျမ်း၌ လိမ္မော်သီးသည် အအေးအာပေါ၊ အသက်ဟုဟု၎င်း ပြဆိုထားသည်။
မြန်မာ့ဆေးကျမ်းများ၌လည်း လိမ္မော်ပင်၊လိမ္မော်သီးတို့၏ အသုံးများကို တွေ့ရသည်။
လိမ္မော်ပင်၊ လိမ္မော်သီးသည် လူတို့ကျန်းမာသက်ရှည်ရေးအတွက် အာနိသင်ထက်မြက်သောအသုံးဝင် အသုံးပြုပုံတွေကတော့
(၁) ဆံရင်းအစပ်တွင် ယားနာပေါက်သူများ လိမ္မော်ရွက်ကိုထုထောင်း၍ ပျားရည်နှင့်စပ်ပြီး ယားနာနေရာ၌ အုံပေးလျှင် သက်သာပျောက်ကင်းစေသည်။
(၂)
သွေးလေညီညွတ်၍ စိတ်ရွှင်လန်းစေရန်အတွက် လိမ္မော်ရွက် ၅၀-ခန့်ကို
ဝိုင်နှင့်ဖြစ်စေ၊ ခေါင်ရည်နှင့်ဖြစ်စေနေ့တဝက်စိမ်ပြီးနောက်
ယင်းအရွက်များကို ပျားရည်(၅))ကျပ်သားထည့်ထားသောအိုးထဲသို့ ပြောင်းထဲ့ကာ
မီးမျှဉ်းမျှဉ်းဖြင့် အရောင်ပြောင်းလာအောင် ကျိုပါ။ ထိုပနောက်
တနေ့နှစ်ကြိမ် တခါသောက် လက်ထက်ရည်ဇွန်းတဇွန်းခန့် သောက်ပါ။
(၃)
ချောင်းဆိုးသူများ လိမ္မော်ရည်တဖန်ခွက်ကို လိမ္မော်ရွက် လေးငါးရွက်ခန့်နှင့်
ဆူအောင်ကျိုပြီးနောက် မီးဖိုမှ ချ၍ ငါးမိနစ်ခန့် အဖုံးအုပ်ထားပါ။
ထို့နောက် အရွက်များကို ဖယ်ရှား၍ ပူပူနွေးနွေးအရည်ကို တနေ့ သုံးကြိမ်
သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
(၄)
အကြောအားနည်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်းတို့အတွက် လိမ္မော်ပွင့်အခြောက်ကို
တနေ့နှစ်ကြိမ် မှန်မှန် စားလျှင် အကြောအားကောင်း၍ မှတ်ဉာဏ်တိုးစေနိုင်သည်။
(၅)ကလေးငယ်များ
သူငယ်နာ အကြောတက်၊ အကြောဆွဲခြင်းများ ဖြစ်နေပါက
လိမ္မော်ပွင့်(၃၀)ကျပ်သားကို ရေသုံးပိဿာ၌ တညစိမ်၊ နောက်တနေ့နံနက်၌
ပေါင်းအိုးဖြင့်ပေါင်း၍
ပေါင်းခံရည်စုထားပြီး ၄င်းကို တခါသောက် ထမင်းစားဇွန်း(၅)ဇွန်းမှ (၁၀)ဇွန်းခန့်အထိ နေ့စဉ်တိုက်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
(၆)
အစာမကြေခြင်းနှင့် နှုတ်မမြိန်ခြင်းတို့အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ
လေးစိပ်ခွဲ၍ အရက်နှင့်စိမ်ပြီး နည်းနည်းချင်းသောက်လျှင် အစာကြေ၍
နှုတ်မြိန်စေသည်။ ယင်းသည် လေနာ၊ လေချုပ်၊ လေဆန်နာများကို အကျိုးပြုသည်။
(၇)
မျက်နှာဝ၌ ဝက်ခြံထူထပ်သဖြင့် အသားအရေ မချောမမွေ့ဖြစ်နေသူများ
သနပ်ခါးရည်ကျဲကျဲထဲသို့ ဆားအနည်းငယ်ထည့်၊ လတ်ဆတ်သော လိမ္မော်သီးခွံကို
ချိုးညှစ်၍ ထွက်လာသောချွေးရည်နှင့်ရောပြီး ၄င်းကို အိပ်ရာဝင်ချိန်တွင်
မျက်နှာ၌လိမ်းလျှင် အသားအရေ ချောမွေ့လာစေနိုင်သည်။
(၈)
ရာသီဥတု အကူးအပြောင်း၌ ဖြစ်တတ်သော အအေးမိ၊ နှာစေး၊
ချောင်းဆိုးခြင်းတို့အတွက် လိမ္မော်ရည် တဖန်ခွက်ကို ပူအောင်နွှေး၍
ပက်ပါမင့်အဆီ သုံးစက်ချပြီး နှစ်မိနစ်ခန့် အဖုံးအုပ်ထားပါ။ ထို့နောက်
၎င်းကို တနေ့သုံးကြိမ် ချင့်ချိန်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
(၉)
ဝမ်းမှန်၍ စားသောက်ကောင်းစေရန်အတွက် လိမ္မော်ရည် တဖန်ခွက်(၂၅၀)စီစီကို
မီးနွေးနွေးဖြင့်ပြ၍ ဆားပုပ်၊ ငရုတ်ကောင်းစေ့ခန့်နှင့် ချင်းခြောက်မှုန့်
ဇွန်းငယ်တဇွန်းခန့်ထည့်ပြီး အအေးခံသောက်လျှင် သုံးလေးရက်သောက်ရုံဖြင့်
ဝမ်းမှန်၍ စားသောက်ကောင်းလာစေနိုင်သည်။
(၁၀)ကလေးများ
သွေးအားနည်း၊ အကြောအားနည်း၊ အရိုးပျော့၊ ဝမ်းပျက်ခြင်းတို့ဖြစ်ပါက
လိမ္မော်ရည်ကို ရေကျက်အေးနှင့် ဆတူရော၍ တိုက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
(၁၁) နှင်းခူနာဖြစ်သူများ လိမ္မော်ခွံကိုထုခြေ၍ အနာ၌ ပွတ်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
(၁၂)
မျက်နှာ၊ ခြေ, လက်တို့တွင် အဖြူ၊ အနီ၊ အနက် စသောအကွက်များ ထွက်ပါက
လိမ္မော်ခွံကို နေရိပ်၌ ခြောက်သွေ့အောင်လှန်း၊ အမှုန့်ထောင်း၍ ရေနှင့်စပ်ပြီး
၎င်းကို အကွက်များပေါ်၌ တနေ့သုံးကြိမ် ခပ်ထူထူလိမ်းလျှင်
ပျောက်ကင်းစေနိုင်သည်။
(၁၃)ဝမ်းလျှောဝမ်းပျက်သူများ
လိမ္မော်ခွံအမှုန့်နှင့် စပျစ်စေ့အမှုန့်ကို ဆတူရော၍ တနေ့သုံးကြိမ် တခါသောက်
ဇွန်းငယ်တဇွန်းခန့်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
(၁၄)
အရေပြားနှင့် ခြေသည်း, လက်သည်းများပေါ်၌ ပွေးပေါက်ပါက လိမ္မော်ခွံအစိုကို
ညက်အောင်ထောင်း၍ ပွေးကွက်ကို လိမ္မော်ခွံဖြင့် ဖြည်းညင်းစွာခြစ်ပြီးနောက်
ထောင်းထားသော လိမ္မော်ခွံဖြင့် အုံပေးပါ။ ဆေးအသစ်လဲတိုင်း ပွေးကွက်ကို
လိမ္မော်ခွံဖြင့် အသာအယာခြစ်ပေးခြင်းအားဖြင့် ပွေးကွက် တဖြည်းဖြည်းကျဉ်းပြီး
ပျောက်ကင်းသွားစေနိုင်သည်။
(၁၅) အသားပပ်၊ အသားကြမ်း၊ ညှင်းပေါက်သူများ လိမ္မော်ခွံကိုညှစ်၍ ရသော ချွေးဖြင့် လိမ်းပေးနိုင်သည်။
(၁၆)
တင်းတိပ်ပေါက်သူများ လိမ္မော်ခွံကို မီးဖြင့်နွှေး၍ ချွေးကိုညှစ်ပြီး
၎င်းချွေးဖြင့် တင်းတိပ်ပေါက်သော နေရာ၌ ပွတ်ပေးလျှင်
သက်သာပျောက်ကင်းစေနိုင်သည်။
(၁၇)
လေထိုး လေအောင်သူများ လိမ္မော်ပင်အခေါက် အနည်းငယ်ကို သုံးခွက်တခွက်တင်ကျို၍
တနေ့နှစ်ကြိမ် ချင့်ချိန်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
ဝမ်းတွင်းရှိ တုတ်ကောင်၊ သန်ကောင်များလည်း ကျစေနိုင်သည်။
ပိုပိုဇော်(သဘာဝအားရဲ့အားအင်)