Pages - Menu

16 Nov 2012

ရှားစောင်းလက်ပပ်နှင့် အရေပြား လှပ ကြည်လင်စေရန်

ရှားစောင်းလက်ပပ်ဟာ သင့်ခန္ဓာကိုယ်နဲ့ အရေပြား ကျန်းမာရေးအတွက် အစွမ်းထက်လှတဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။  နေရောင်ခြည်ကို အရမ်းကြိုက်ပြီး ရေမကြိုက်တဲ့ ဒီအပင်ရဲ့ အစွမ်းက နေလောင်တဲ့ ဒဏ်ရာတွေကို သက်သာစေတဲ့ ဆန့်ကျင်ဘက် အာနိသင် ရှိနေတာပါပဲ။ ဒီအပင်ကို စိုက်ရင် သဲမြေလိုမျိုးမှာ စိုက်ရပြီး ရေအများကြီး လောင်းလို့ မရပါဘူး။ ရေများများလောင်းရင် အပင်က ပုပ်သွားတတ် ပါတယ်။ ရှားစောင်းလက်ပပ်မှာ အမိုင်နိုအက်စစ်၊ ဗီတာမင်အေ၊ စီ၊ အက်ဖ်နဲ့ဘီ၊ နိုင်ယာစင်နဲ့ ဗီတာမင် B12 တွေ ပါဝင်ပါတယ်။ ရောင်ရမ်းမှုကို ကျစေခြင်း၊ မှိုပိုး ကူးစက်မှုကို တားဆီးပေးခြင်း၊ အရေပြားကို အေးမြစေခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရှိစေတယ်လို့ အလှအပရေးရာ ပညာရှင်တွေက ဆိုပါတယ်။ ရှားစောင်းလက်ပပ်ကို ပုံစံသုံးမျိုးနဲ့ အသုံးပြုနိုင်ပုံကို ဖော်ပြပေးလိုက်ပါတယ်။

အရေပြား တောက်ပစေဖို့

အရေပြား တောက်ပ ကြည်လင်ချင်ရင်၊ အသားအရေ တင်းရင်းချင်ရင်၊ ဝက်ခြံတွေကို သက်သာချင်ရင် ရှားစောင်းလက်ပပ်ကို အရေပြား ကြေးချွတ်သန့်စင်တဲ့ ပစ္စည်းအဖြစ် အသုံးပြုပေးနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကို အလယ်ကနေ ခွဲလိုက်ပြီး အရေပြားပေါ်မှာ ကပ်လိုက်ကာ နှစ်မိနစ်လောက် သွေးလည်ပတ်မှုအတိုင်း ပွတ်တိုက်ပေးပြီး ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။

Tips

ရှားစောင်းလက်ပပ်အနှစ် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သကြား လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ သံပရာရည် သုံးစက်လောက် ရောကာ အရေပြား ကြေးချွတ် သန့်စင်နိုင်ပါတယ်။

မျက်နှာ ပေါင်းတင်ဖို့

ငယ်ရွယ်နုပျိုတဲ့ အရေပြားကို ပိုင်ဆိုင်ချင်ရင်၊ သန့်ရှင်းစင်ကြယ်ပြီး လန်းဆန်းချင်ရင် သခွားသီးနဲ့ ဒိန်ချဉ်ကို အရေပြား သန့်စင်ရာမှာ သုံးနိုင်သလိုပဲ၊ ရှားစောင်းလက်ပတ်ကို သုံးရင် နူးညံ့ စိုပြည်စေတဲ့ အကျိုးရလဒ်ကိုပါ ခံစားရစေပါတယ်။ တစ်ပတ်တစ်ကြိမ်လောက် မျက်နှာနဲ့ လည်ပင်းနေရာတွေကို မိနစ် ၂၀ လောက် ရှားစောင်းလက်ပပ်ကို ကပ်ပြီး ရေနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။

Tips

ရှားစောင်းလက်ပပ်အနှစ် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ ဒိန်ချဉ် လက်ဖက်စားဇွန်း ခြောက်ဇွန်း၊ သခွားသီး တစ်လက်မလောက် ကြိတ်ခြေ ရောနယ်ပြီး မိနစ် ၂၀ လောက် ပေါင်းတင်ပေးပါ။

ခန္ဓာကိုယ် လန်းဆန်းစေဖို့

ရှားစောင်းလက်ပပ်ကို ခန္ဓာကိုယ်ဖျန်းတဲ့ စပရေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ စပရေးဘူးထဲကို ရှားစောင်းလက်ပပ် အနှစ်တွေ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားပါ။ ရေချိုးပြီးချိန် ခန္ဓာကိုယ်ကို ဖျန်းပေးရင် လန်းဆန်း ကြည်လင်မှုကို ခံစားရစေပါတယ်။

Tips

ရှားစောင်းလက်ပပ် အနှစ်ကို ပေါင်းခံထားတဲ့ ရေနဲ့ရောပြီး စိမ်ထားကာ ရေခဲသေတ္တာထဲ ထည့်ထားပြီး ခန္ဓာကိုယ်ဖျန်းတဲ့ စပရေးအဖြစ် အသုံးပြုနိုင်ပါတယ်။

သဲသဲRef: By Good Health Source: http://www.yatanarpon.com.mm/cp/goodhealth/news-39689

Twitter Delicious Facebook Digg Stumbleupon Favorites More