Pages - Menu

22 Oct 2013

အခွံမာ အစေ့အဆန်တို့၏ အာဟာရတန်ဖိုး

အခွံမာတဲ့ အစေ့အဆန်တွေမှာ စွမ်းအင်၊ ပရိုတင်း၊ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တို့ အများအပြား ပါဝင်ပါတယ်။

 အရသာကောင်းမွန်ပြီး သယ်ဆောင်ရ လွယ်ကူတဲ့ အခွံမာ အစေ့အဆန်တွေကို အကြာကြီး သိမ်းထားလို့လည်း ရပါတယ်။

 အခွံမာတဲ့ အစေ့အဆန်တွေမှာ စွမ်းအင်နဲ့ အာဟာရဓာတ် အများအပြား ပါဝင်ပါတယ်။

 မိုနိုမပြည့်ဝဆီ ဖြစ်တဲ့ Oleic Acid နဲ့ Palmitoleic Acid တွေ ပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောကို မြင့်တက်စေပါတယ်။

 လေ့လာမှုအရ မိုနိုမပြည့်ဝဆီ ပါဝင်မှုများတဲ့ မြေထဲပင်လယ်ဒေသ အစာတွေဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါနဲ့ လေဖြတ်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

 အခွံမာတဲ့ အစေ့အဆန်တွေမှာ အိုမီဂါ ၃ မရှိမဖြစ် ဖက်တီးအက်စစ် ပါဝင်မှု များပါတယ်။

 လေ့လာမှုအရ ဒီပါဝင်ပစ္စည်းတွေကြောင့် ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ကာ သွေးတိုးတာ၊ နှလုံးသွေးကြောကျဉ်းတာ၊ ရင်သား၊ အူမကြီးနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေကြောင်း သိရပါတယ်။

 ရူမတွိုက် အဆစ်ရောင်နာ၊ စိတ်ဓာတ်ကျတာနဲ့ အယ်လ်ဇိုင်းမား ရောဂါတို့လို ရောဂါ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

အခွံမာတဲ့ အစေ့အဆန်တွေမှာ ကာရိုတင်း၊ ရက်စ်ဗာရထရော၊ လူတင်၊ ခရစ်ပတိုဇန်သင်းတို့လို အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာ့ဗ်ကြော ယိုယွင်းပျက်စီးတာ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှုတို့မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။


 လေ့လာမှုတွေအရ မြေပဲမှာပါတဲ့ ရက်စ်ဗာရထရောဟာ သွေးကြောထဲက မော်လီကျူးဖြစ်စဉ်ကို ပြောင်းလဲစေတဲ့ နည်းနဲ့ လေဖြတ်နိုင်ခြေကို လျော့ကျစေတယ်လို့ သိရပါတယ်။

 အခွံမာတဲ့ အစေ့အဆန်တွေမှာ ဗီတာမင်ဓာတ် ပါဝင်တဲ့အပြင် မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊မဂ္ဂနီဆီယမ်၊ ဇင့်၊ ဖလိုရိုက်နဲ့ ဆီလီနီယမ်တို့ ပါဝင်မှု များပါတယ်။ မဂ္ဂနိစ်ဟာ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။ 

ပိုတက်စီယမ်ဟာ ဆဲလ်နဲ့ ခန္ဓာကိုယ် အရည်ထဲမှာ အရေးပါတဲ့ ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပြီး နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ထိန်းချုပ်ပေးပါတယ်။

 ကြေးနီဟာ သွေးနီဥ ထုတ်လုပ်မှုအတွက် အရေးပါပြီး သံဓာတ်က သွေးနီဥ ဖြစ်ပေါ်ဖို့အတွက် လိုအပ်ပါတယ်။

 ဖလိုရိုက်က အရိုးနဲ့ သွားတွေထဲမှာ ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပြီး သွားပိုးစားရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

 အခွံမာတဲ့ အစေ့အဆန်တွေမှာ ဗီတာမင်အီး ပမာဏများများ ပါဝင်တာကြောင့် အရေပြားနဲ့ ဆဲလ်အမြှေးပါးတွေ တင်းရင်းအောင် ဆောင်ရွက်ပေးပါတယ်။

 အခွံမာတဲ့ အစေ့အဆန်တွေမှာ ရိုင်ဘိုဖလေဘင်၊ နိုင်ယာစင်၊ သိုင်ယာမင်၊ ပန်တိုသီးနစ်အက်စစ်၊ ဖောလိတ် အစရှိတဲ့ ဗီတာမင်ဘီအုပ်စု ပါဝင်တာကြောင့် အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကြယ်စင်
BY GOOD HEALTH

Twitter Delicious Facebook Digg Stumbleupon Favorites More