Pages - Menu

17 Oct 2013

ရှမ်းပဲပုပ်နှင့် ကြက်သားအာလူးဟင်း

ရှမ်းရိုးရာ ဟင်းလျာဖြစ်တဲ့ ရှမ်းပဲပုပ်နှင့် ကြက်သား အာလူးဟင်းပါ။
ချိုဆိမ့်တဲ့ ကြက်သား၊ အာလူး အရသာကိုရရှိမှာပါ။
ထမင်းမြိန်မယ့် ဟင်းလျာတစ်ခွက်ပါ။ ချက်ရလည်းလွယ်တာမို့
ခုပဲ ချက်ကြည့်ရအောင် . . . ။

ပါဝင်ပစ္စည်းများ
.........................
• ကြက်ပေါင် - ၄၀၀ ဂရမ် (အတုံးလတ်များ တုံးပါ)
• အာလူး - ၄ လုံး (လက်မ၀က်အရွယ် အတုံးများ တုံးပါ)
• ခရမ်းချဉ်သီး - ၃ လုံး (အစေ့ထုတ်ပြီး အရှည်ပါးပါးလှီးပါ)
• ရှမ်းပဲပုပ် - ၂ ခု (ငရုတ်ဆုံဖြင့် ညက်နေအောင် ထောင်းထားပါ)
• ကြက်သွန်နီ - ၁ လုံး (နုပ်နုပ်စဉ်းပါ)
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
• နံနံပင် - လက်တစ်ဆုပ်စာ (ပါးပါးလှီးပါ)
• ကြက်သွန်မြိတ် - စားပွဲဇွန်း ၂ ဇွန်းစာ (ပါးပါးလှီးပါ)
• စပါးလင် - ၂ ခု (မညက်တညက်ထောင်းပြီး ချည်ထားပါ)
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ရေ - ၃ ခွက်
• ဆီ - စားပွဲဇွန်း ၂ ဇွန်း

ချက်ပြုတ်နည်း
.....................
၁။ အရင်ဆုံး ဇလုံထဲတွင် (ကြက်သား၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊
နနွင်း၊ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီး၊ ပဲပုပ်၊ စပါးလင်) တို့ကိုသမအောင် ရောနယ်လိုက်ပါ။

၂။ ပြီးမှ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလျှင် ရောနယ်ထားသော ကြက်သား၊
ခရမ်းချဉ်သီးအားလုံးကိုလုံးပြီး ၂ မိနစ်မှ ၃ မိနစ်ထိ ချက်ပေးပါ။

၃။ ထို့နောက် အာလူး၊ ရေ(၃ခွက်) ထည့်ကာ အဖုံးအုပ်ပြီး ၁၅ မိနစ်ခန့်
ကြက်သား နှင့် အာလူးနူးသည်အထိ တည်ထားပေးပါ။

၎။ အသားနူးလျှင် အရသာအပေါ့အငန်မြည်းပြီး နံနံပင်၊
ကြက်သွန်မြိတ်များဖြူးကာ မီးပိတ်လိုက်ပါ။

၅။ အရသာရှိပြီး အနံ့မွှေးသော ရှမ်းပဲပုပ်နှင့်
ကြက်သားအာလူးဟင်းကို သုံးဆောင်နိုင်ပါပြီ။

WUTYEE Food House
http://www.wutyeefoodhouse.com/

Twitter Delicious Facebook Digg Stumbleupon Favorites More