Pages - Menu

26 Jan 2014

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ ကမ္ဘာတစ်ဝန်းမှာ စိုက်ပျိုးထုတ်လုပ်
စားသုံးမှုပမာဏအများဆုံး ဟင်းသီးဖြစ်ပါတယ်။
ခရမ်းချဉ်သီးရဲ့ဇာတိဟာ မက္ကစီကိုနိုင်ငံဖြစ်ပြီး အမေရိကတိုက်ကို
စပိန်တွေ ကိုလိုနီပြုခဲ့တဲ့နောက်ပိုင်းမှာ ဥရောပနှင့် ကမ္ဘာအရပ်ရပ်ကို
ပျံ့နှံ့သွားတယ်လို့ဆိုပါတယ်။ လူတွေစားသုံးနိုင်တဲ့ အခြားအပင်တွေ၊
အသီးတွေလိုပဲ အလေ့ကျပေါက်နေတဲ့ ခရမ်းချဉ်သီးပင်အရိုင်းတွေကို
လူတွေက မျိုးယူပြီး စိုက်ပျိုးစားသုံးခဲ့ကြတာပါ။
ဘယ်ခေတ်ဘယ်ကာလကတည်းက စတင်စိုက်ပျိုးစားသုံးခဲ့ကြတယ်ဆိုတာ
တိတိကျကျတော့ မပြောနိုင်ပါဘူး။ ခရစ်တော်မပေါ်မီ
နှစ်ပေါင်း ၅၀၀ (BC 500) လောက်ကတည်းက မက္ကစီကိုမှာ
ခရမ်းချဉ်သီးစိုက်ပျိုးခဲ့တဲ့ အထောက်အထားတွေ တွေ့ရပါတယ်။
စပိန်တွေနှင့်အတူ မက္ကစီကိုမှ ခရမ်းချဉ်သီးမျိုးတွေ ဥရောပကို
ရောက်လာတာဟာ အေဒီ ၁၄၉၀ နှင့် ၁၅၂၀ ခုနှစ်ကြားမှာ
ဖြစ်နိုင်ပါတယ်။ ဥရောပစာပေတွေထဲမှာ ခရမ်းချဉ်သီးအကြောင်း
ရေးထားတာကို ၁၅၄၄ ခုနှစ်မှာ အစောဆုံးတွေ့ရပါတယ်။
Pietro Andrea Mattioli ဆိုသူ အီတလီလူမျိုး ရုက္ခဗေဒပညာရှင်က
ခရမ်းချဉ်သီးကို မှည့်သွားရင် ကြက်သွေးရောင်နီသွားတဲ့၊
ဒါမှမဟုတ် ရွှေရောင်ဝင်းဝါသွားတဲ့ ခရမ်းသီး (Eggplant)အသစ်တစ်မျိုးလို့
သရုပ်ဖော် ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကတိုက် အလယ်ပိုင်းဒေသကို စပိန်တွေ ကိုလိုနီပြုပြီးတဲ့နောက်မှာ
ခရမ်းချဉ်သီးဟာ ကရစ်ဗီယံ Caribbean တစ်ဝိုက် ပျံ့နှံ့သွားသလို
ပစိဖိတ်သမုဒ္ဒရာထဲက ဖိလစ်ပိုင်ကျွန်းစုကို ကိုလိုနီ ပြုပြီးတဲ့နောက်မှာလည်း
စပိန်တို့နှင့်အတူ ခရမ်းချဉ်သီးတွေ ရောက်လာရာက အရှေ့အာရှ၊
အရှေ့တောင်အာရှဒေသနှင့် အာရှတစ်တိုက်လုံး ပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။

ခုဆိုရင် ခရမ်းချဉ်သီးကို ကမ္ဘာတစ်ဝန်း နိုင်ငံတိုင်းလိုလိုမှာ
စိုက်ပျိုးစားသုံးလျက်ရှိပါတယ်။ ရာသီဥတုပြင်းတဲ့ ဒေသတွေမှာပင်
ဖန်လုံအိမ်တွေထဲထည့်ပြီး စိုက်ပျိုးကြတာရှိပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း
ကမ္ဘာတစ်ဝန်းခရမ်းချဉ်သီး စိုက်ပျိုးထုတ်လုပ်မှုအများဆုံး ၁၀ နိုင်ငံကို
အများအနည်း အစီအစဉ်အလိုက် ပုံပါ ဇယား (၁) မှာ တွေ့နိုင်ပါတယ်။

ခရမ်းချဉ်သီးကို မချက်မပြုတ်ဘဲ အစိမ်းလိုက် နှစ်နှစ်ခြိုက်ခြိုက် စားတတ်သူတွေ
အများအပြား ရှိပါတယ်။ အနံ့ကလေးသင်းနေအောင် မီးဖုတ်ပြီး သုတ်စားမယ်
ဆိုရင်လည်း ခရမ်းချဉ်သီးသုပ်ဟာ ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။

လူမျိုးအသီးသီးတို့ဟာ မိမိတို့ရိုးရာဓလေ့အတိုင်း ချက်ပြုတ်စားသောက်တဲ့
ဟင်းလျာတွေမှာ ခရမ်းချဉ်သီးကို အသုံးပြုပုံတွေက စုံလင်လှပါတယ်။
ချက်ပြုတ်ကြော်လှော်စားရတဲ့ ဟင်းလျာအမျိုးမျိုးမှာရော၊
ချက်ပြုတ်စရာမလိုတဲ့ ဟင်းသီးဟင်းရွက်သုပ်လို အစားအစာတွေမှာပါ
ထည့်သွင်းတတ်ကြပါတယ်။ ခရမ်းချဉ်သီးဆော့စ် (Tomato Sauce)ဆိုတာလည်း
ကမ္ဘာအနှံ့ လူကြိုက်အလွန်များတဲ့ အစာမျိုးဖြစ်ပါတယ်။

ခရမ်းချဉ်သီးပေါ်ချိန်မှာ လတ်လတ်ဆတ်ဆတ်အသီးတွေကို
ဖျော်ရည်အဖြစ် အရသာရှိရှိ သုံးဆောင်နိုင်သလို၊ ဆယ့်နှစ်ရာသီ
အချိန်မရွေး သောက်သုံးနိုင်အောင် စီမံထားတဲ့ ခရမ်းချဉ်သီးစည်သွတ်ဖျော်ရည်
ဘူးတွေလည်း ရှိပါတယ်။

ခရမ်းချဉ်သီး၏ အာဟာရ
...................................
ခရမ်းချဉ်သီးမှည့် ၁၀၀ ဂရမ်မှာပါဝင်တဲ့ အာဟာရဓာတ်အမျိုးမျိုးကို
အောက်မှာ ဇယားနဲ့ဖော်ပြထားပါတယ်။ ၁၀၀ ဂရမ်ဟာ သုံးအောင်စခွဲခန့်
သို့မဟုတ် မြန်မာအလေးချိန် ခြောက်ကျပ်တစ်မတ်သားခန့် ရှိပါတယ်။

ဇယား (၂)

ရုက္ခဗေဒသဘောအရ ခရမ်းချဉ်သီးဟာ သစ်သီး (Fruit)တစ်မျိုးဖြစ်ပေမယ့်
ချက်ရေးပြုတ်ရာကိစ္စ (Culinary Purposes) တွေမှာ အသုံးဝင်ပုံအရ ခရမ်းချဉ်သီးဟာ
ဟင်းသီးဟင်းရွက် (Vegetables) အုပ်စုထဲမှာ အကျုံးဝင်တဲ့
ဟင်းသီးတစ်မျိုးသာဖြစ်ပါတယ်။ ပညာရှင်တွေ ဘယ်လိုပဲ သတ်မှတ်သတ်မှတ်၊
ခရမ်းချဉ်သီးဟာ စားသုံးသူတွေကို အာဟာရဖြစ်စေ၊ ကျန်းမာစေတဲ့
အစာမျိုးဖြစ်တယ်ဆိုတာ သိထားဖို့ ပိုပြီးအရေးကြီးမယ် ထင်ပါတယ်။
ခရမ်းချဉ်သီးမှာပါတဲ့ အာဟာရဓာတ် အမြောက်အများထဲက
ဘေတာကယ်ရိုတင်း (Betacarotene) နှင့် ဗီတာမင်စီ (Vitamin C) ဆိုတဲ့
ဗီတာမင်နှစ်မျိုးနှင့် ပိုတက်စီယမ် (Potassium)ဆိုတဲ့ သတ္တုအာဟာရဓာတ်
အကြောင်းကို သေသေချာချာ သိထားသင့်ပါတယ်။

အာဟာရအမျိုးမျိုးကြွယ်ဝပြီး ကျန်းမာရေးအတွက်အလွန်ကောင်းတဲ့
ခရမ်းချဉ်သီးကို Eating Well (စားကြမယ်ဟေ့ ကောင်းကောင်း)မဂ္ဂဇင်းက
၁၉၉၇ ခုနှစ်အတွက် စံပြဟင်းသီး (Vegetable Of The Year) အဖြစ်
သတ်မှတ်ခဲ့ပါတယ်။ ခရမ်းချဉ်သီးဟာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်
အစရှိတဲ့အာဟာရတွေအပြင်၊ လိုင်ကိုပင်း (Lycopene) ဆိုတဲ့ ဓာတ်ပေါင်းကြောင့်
သိပ္ပံ ပညာရှင်တွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

ဘေတာကယ်ရိုတင်း (Beta Carotene)
.....................................................
မမှည့်မီက အစိမ်းရောင်ရှိတဲ့ ခရမ်းချဉ်သီးဟာ မှည့်လာတဲ့အခါ
အ၀ါရောင်မျိုးက ရွှေလိုဝင်းလာသလို အနီရောင်မျိုးကလည်း
ကြက်သွေးလိုနီလာပါတယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို
အစိမ်းရောင်၊ အ၀ါရောင်၊ အနီရောင်ဖြစ်စေတဲ့ ကယ်ရိုတင်း (Carotene) လို့ခေါ်တဲ့
ဓာတ်ပေါင်းတွေရှိပါတယ်။

ကယ်ရိုတင်း အမျိုးပေါင်းများစွာရှိတဲ့အနက် အာဟာရနှင့် ဆက်စပ်ပြီး
လူသိအများဆုံးက ဘေတာကယ်
ရိုတင်းဖြစ်ပါတယ်။ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်
တွေ ၀ါနေတာ၊ ရွှေဝါကန်စွန်းဥ၊ ရွှေဖရုံသီး၊ မုန်လာဥ၀ါတို့
အ၀ါရောင်ဖြစ်နေတာ၊ ကင်းပုံရွက်၊ ဟင်းနု နယ်ရွက်စတဲ့
အရွက်တွေစိမ်းနေတာ ဘေတာကယ်ရိုတင်းရဲ့ လက်ချက်ပါပါတယ်။
ဘေတာကယ်ရိုတင်းဟာ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်အေအဖြစ်
ပြောင်းသွားတာကြောင့် ဗီတာမင်အေလောင်းလျာ (Pro-vitamin A) လို့
သိထားကြပါတယ်။ ဗီတာမင်အေချို့တဲ့မှုကြောင့် မျက်စိမှာ ကြက်မျက်သင့်ရောဂါ၊
အပြင်တိမ်ရောဂါတွေ မဖြစ်အောင်၊ ကိုယ်ခံစွမ်းအားကောင်းအောင်
ဗီတာမင်အေ ကြွယ်ဝတဲ့ အသည်း၊ နို့၊ ဥ စတဲ့အစားအစာတွေအပြင်
ဘေတာကယ်ရိုတင်းကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ
များများစားဖို့ ပညာရှင်တွေက တိုက်တွန်းကြပါတယ်။ ဗီတာမင်အေ
အာနိသင်နဲ့ပတ်သက်လို့ ပြောမယ်ဆိုရင် အသည်း၊ နို့၊ ဥ စတဲ့
အစားအစာတွေထဲက ဗီတာမင်အေက ဟင်းသီးဟင်းရွက်၊
သစ်သီးဝလံတွေထဲက ဘေတာကယ်ရိုတင်းထက်
သာတယ်လို့ဆိုနိုင်ပေမယ့် ဘေတာကယ်ရိုတင်းရဲ့
ထူးခြားတဲ့အရည်အသွေးတစ်ခုက ခန္ဓာကိုယ်ရုပ်ကလာပ်စည်းတွေကို
အောက်စီဂျင်ဓာတ်တိုးပျက်စီးခြင်းအန္တရာယ်မှ ကာကွယ်ပေးနိုင်တဲ့
အင်တီအောက်စီဒင့် (Anti-oxidant) အာနိသင်ရှိခြင်းဖြစ်ပါတယ်။
ဒါကြောင့် သက်ကြီးရွယ်အိုတွေအတွက် ဟင်းသီးဟင်းရွက်
သစ်သီးဝလံတွေကရတဲ့ ဘေတာကယ်ရိုတင်းဟာ အသည်း၊ နို့၊
ဥ စတဲ့အစား အစာတွေကရတဲ့ ဗီတာမင်အေထက် ပိုပြီးသင့်လျော်တယ်လို့
အာဟာရပညာရှင်တွေက ပြောကြပါတယ်။

ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်စီအကြောင်းကိုတော့ လူသိများပါတယ်။
သွား၊ သွားဖုံးနှင့် အရိုးတွေကို ကျန်းမာကြံ့ခိုင်စေတယ်၊ အနာနှင့်
ဒဏ်ရာတွေကို မြန်မြန်ကျက်စေတယ်၊ ရောဂါခုခံစွမ်းအားကို
ကောင်းစေတယ်၊ အင်တီအောက်စီဒင့်အာနိသင်ရှိတဲ့
ဗီတာမင်တစ်မျိုးဖြစ်တယ်ဆိုတာတွေ ဖြစ်ပါတယ်။

ခရမ်းချဉ်သီးဟာ ပိုတက်စီယမ်အကြွယ်ဝဆုံး အသီးတစ်မျိုးဖြစ်တယ်ဆိုတာ
မမေ့သင့်ပါဘူး။ ပိုတက်စီယမ်ဟာ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေမှာ
ပါတယ်ဆိုတာ လူအတော်များများ သိကြပေမယ့် တကယ်တမ်း
အားကိုးရလောက်အောင် များများစားစားပါတဲ့ အသီးတွေက ငှက်ပျောသီး၊
ထောပတ်သီးနှင့် ခရမ်းချဉ်သီးတို့သာဖြစ်ပါတယ်။ အခြားအသီးတွေမှာ
ဒီလောက်များများ မပါပါဘူး။ ဆိုဒီယမ်မှာ သွေးပေါင်တက်စေတဲ့
အာနိသင်ရှိတာကို လူအများသိကြပေမယ့် ပိုတက်စီယမ်က သွေးပေါင်ကို
ထိန်းနိုင်တယ်ဆိုတာ လူသိနည်းပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့
ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ များများစားသုံးခြင်းဟာ
အရိုးတွေထဲက ထုံးဓာတ်ဆုံးရှုံးမှုကို နည်းစေတဲ့အတွက် အရိုးတွေ
ကြံ့ခိုင်ပြီး အရိုးပါးအရိုးပွရောဂါကြောင့် အရိုးကျိုးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

လိုင်ကိုပင်း(Lycopene)
...................................
ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်း (Lycopene)ဟာ ကယ်ရိုတင်းတွေနှင့်
သဘောချင်းတူတဲ့ ကယ်ရော့တင်နွိုက် (Carotenoid) ဓာတ်ပေါင်းတစ်မျိုးဖြစ်ပါတယ်။
လူပေါင်း ၄၇၀၀၀ မကပါဝင်တဲ့ သုတေသနတစ်ခုအရ ခရမ်းချဉ်သီး သို့မဟုတ်
ခရမ်းချဉ်သီးနှင့်ပြုလုပ်တဲ့ အစားအစာတွေကို ရက်သတ္တတစ်ပတ်မှာ
၁၀ ကြိမ်ထက်မနည်း စားသုံးသူအမျိုးသားတွေဟာ ဆီးကျိတ် (Prostate)ကင်ဆာ
ဖြစ်နိုင်တဲ့အန္တရာယ် တစ်ဝက်လောက် လျော့သွားနိုင်တယ်လို့ သိရပါတယ်။
ဒါဟာ လိုင်ကိုပင်းရဲ့ အင်တီအောက်စီဒင့် အာနိသင်ကြောင့် ဖြစ်နိုင်ပါတယ်။
လိုင်ကိုပင်းဟာ လူရဲ့အရေပြားကို နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ဒဏ်မှ
ကာကွယ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။ မန်ချက်စတာနှင့်
နယူးကာဆယ်တက္ကသိုလ်တွေမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ
လိုင်ကိုပင်းဟာ အရေပြားကို နေလောင်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး
အရေပြားကို နုမွတ်ချောမွေ့စေတယ်ဆိုတာ တွေ့ရပါတယ်။
ခရမ်းချဉ်သီး စားသုံးမှုဟာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊
အရေပြားကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့
ပြောသူတွေလည်းရှိပါတယ်။ ခုခါမှာ ရိုးရိုးခရမ်းချဉ်သီးထက်
ဗီတာမင်စီနှစ်ဆပိုများတဲ့ အမျိုးအစား (Doublerich)၊ ဗီတာမင်အေ
အဆ ၄၀ ပါဝင်တဲ့အမျိုးအစား (97L97)၊ အင်တီအောက်စီဒင့်အာနိသင်ရှိတဲ့
Anthocyanin ဓာတ်ပေါင်း အလွန်ကြွယ်ဝတဲ့ အပြာရောင်
ခရမ်းချဉ်သီးအမျိုးအစား၊ လိုင်ကိုပင်း ၂ ဆမှ ၄ ဆထိ
ပိုများတဲ့အမျိုးအစားတွေ ပေါ်ပေါက်နေပြီလို့ သိရပါတယ်။

ခရမ်းချဉ်သီးစားရာမှာ သတိထားစရာ
...................................................
ခရမ်းချဉ်သီးဟာ Nightshade Family ဆိုတဲ့ အပင် မိသားစုမျိုးနွယ်မှာ
ပါဝင်ပါတယ်။ Nightshade မိသားစုထဲမှာ ခရမ်းသီး၊ အာလူးနှင့်
ငရုတ်သီးတို့လည်း ပါဝင်ပါတယ်။ Nightshade မိသားစုဝင်
အခြားဟင်းသီးတွေဖြစ်တဲ့ ခရမ်းသီး၊ အာလူးတို့လိုပဲ ခရမ်းချဉ်သီးရဲ့
အရွက်၊ ပင်စည်နှင့် မမှည့်သေးတဲ့အသီးတွေမှာ အဆိပ်သင့် (Toxic) ဖြစ်နိုင်တဲ့
Solanine ဆိုတဲ့ အယ်လ်ကာလွိုက် (Alkaloid) ဓာတ်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။
အာလူးမှာလောက်တော့ မများပါဘူး။ ခရမ်းချဉ်သီးမှာ ဥပဒ်ပေးနိုင်တဲ့
Tomatine ဆိုတဲ့ အယ်လ်ကာလွိုက် ဓာတ်ပေါင်းတစ်မျိုး အနည်းအကျဉ်း
ပါဝင်နေပါတယ်။ အယ်လ်ကာလွိုက် ဓာတ်ပေါင်းတွေဟာ
တော်ရုံသင့်ရုံ စားမိလို့ ဥပဒ်မဖြစ်နိုင်ပေမယ့် အလွန်အကျွံစားမိရင်
အန္တရာယ်ရှိနိုင်ပါတယ်။ ခရမ်းချဉ်ပင်ရဲ့အရွက်ကို လက်ဖက်ခြောက်လိုခပ်ပြီး
သောက်နေတဲ့အတွက် လူသေဆုံးဖူးတယ်ဆိုတဲ့ မှတ်တမ်းရှိပါတယ်။
ခရမ်းချဉ်သီး၊ ခရမ်းချဉ်ပင်တို့ကို အများအပြားစားမိတဲ့ ခွေးတွေမှာလည်း
ဥပဒ်ဖြစ်နိုင်တာကို တွေ့ရပါတယ်။

ခရမ်းချဉ်သီးကို လတ်လတ်ဆတ်ဆတ်မစားဘဲ ရက်ကြာမြင့်စွာထားရင်
အထဲမှာ အပင်ပေါက်နေနိုင်ပါတယ်။ ခရမ်းချဉ်စေ့လေးတွေဟာ
ခရမ်းချဉ်သီးရဲ့ အတွင်းပိုင်းမှာရှိနေပြီး အမှည့်လွန် ပျော့ရွဲလာတော့မှ
အပင်ပေါက်တတ်ပါတယ်။ ခရမ်းချဉ်သီးအစေ့ကပေါက်လာတဲ့
အပင်ပေါက်ကလေးတွေဟာ စားရင် အဆိပ်သင့်နိုင်ပါတယ်။
အပင်ပေါက်ကလေးတွေနှင့် အစေ့တွေကို မစားသင့်ပါဘူး။
အဲဒါတွေကိုဖယ်ပစ်ပြီး ကျန်တဲ့အသားကို စားမယ်ဆိုရင် စားလို့ရပါတယ်။
အနံ့အရသာတော့ ကောင်းမှာမဟုတ်ပါဘူး။ အနံ့အရသာလည်းမကောင်း၊
ဥပဒ်လည်းဖြစ်နိုင်တာမို့ အဲဒီအသီးမျိုးကို လွှင့်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

ခရမ်းချဉ်သီးနှင့် ကူးစက်ရောဂါ
...........................................
ဝမ်းနှင့်ပတ်သက်တဲ့ ကူးစက်ရောဂါတွေထဲမှာ Salmonella ဆိုတဲ့
ဗက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ ထင်ရှားပါတယ်။
လူသိများတဲ့ တိုက်ဖိုက် (Typhoid) ခေါ် အူရောင်ငန်းဖျားရောဂါဟာ
Salmonella ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
အစာအဆိပ်သင့်ခြင်းကိုဖြစ်စေတဲ့ Salmonella တွေလည်းရှိပါတယ်။
Salmonella ကြောင့် လူအမြောက်အများမှာ ၀မ်းပျက်ဝမ်းလျှောရောဂါ
ဖြစ်ရတာမျိုးလည်းရှိပါတယ်။ Salmonellosis လို့ခေါ်ပါတယ်။
Salmonellosis အခြေအနေအချို့ဟာ ခရမ်းချဉ်သီးစားသုံးမှုနှင့်
နှီးနွယ်ပတ်သက်နေတာ တွေ့ရပါတယ်။ မသန့်ရှင်းတဲ့ ခရမ်းချဉ်သီးတွေက
Salmonella ဗက်တီးရီးယားတွေကို သယ်ဆောင်ထားလို့ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် ၁၈ ခုမှာ ၂၀၀၆ ခုနှစ်အတွင်း
Salmonella ဗက်တီးရီးယားကြောင့် လူ ၁၇၂ ယောက်
ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့တာဟာ ခရမ်းချဉ်သီးစားသုံးမှုနှင့်
ပတ်သက်ခဲ့နိုင်ပါတယ်လို့ ကူးစက်ရောဂါ ကာကွယ်ထိန်းသိမ်းရေး
ဗဟိုဌာန U.S. Centers for Disease Control and Prevention (CDC) က
၃၀-၁၀-၂၀၀၆ နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း
အမေရိကန်ပြည်ထောင်စုမှာဖြစ်ခဲ့တဲ့ Salmonellosis ကူးစက်ရောဂါ
တွေထဲမှာ ၉ ခုဟာ ခရမ်းချဉ်သီးစားသုံးမှုနှင့် ပတ်သက်ခဲ့တယ်လို့
ဆိုပါတယ်။ ၂၀၀၈ ခုနှစ်ကလည်း Salmonellosis ကူးစက်ရောဂါကြောင့်
အမေရိကန်ပြည် တစ်ဝန်းသာမက ကနေဒါနိုင်ငံက ဒေသအချို့မှာပါ
စူပါမတ်ကက်တွေနှင့် စားသောက်ဆိုင်တွေက ခရမ်းချဉ်သီးတွေကို
ဖျက်ဆီးပစ်ခဲ့ရပါတယ်။
...........................
ဒေါက်တာလှကြည်

Twitter Delicious Facebook Digg Stumbleupon Favorites More