Pages - Menu

25 Nov 2012

ရေဓာတ်ခန်းခြောက်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေး ဝေဒနာများ

သင့်ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်တာကြောင့် အောက်ပါ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။

ရိုးဆစ်ကိုက်ခဲနာကျင်ခြင်း-
 ရေဓာတ်ခန်းခြောက်တာကြောင့် ပထမဆုံး တွေ့ရတဲ့ လက္ခဏာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒီလို ကိုက်ခဲတာကြောင့် အဆစ်တွေကိုလည်း နာကျင် ကိုက်ခဲစေနိုင်ပါတယ်။ ရေဓာတ် အလုံအလောက် ရှိမှသာ ခန္ဓာကိုယ်ထဲက အဆိပ်နဲ့ စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာ စုပုံနေရင် ဦးနှောက်ဟာ နာကျင်မှုကို အချက်ပြလေ့ ရှိပါတယ်။ ဒါကြောင့် အရိုး၊ အဆစ်နဲ့ ကြွက်သားတွေ ကိုက်ခဲနာကျင်ရတာ ဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါ-
 ရေဓာတ် ခန်းခြောက်တာက အသက်ကြီးသူတွေမှာ ဆီးချိုသွေးချိုရောဂါ ဖြစ်တာနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဦးနှောက်က သူရဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ဖို့ ရေနဲ့ ဂလူးကို့စ်ကို လိုအပ်ပါတယ်။ တကယ်လို့ ရေကို အလုံအလောက်မရရင် သွေးတွင်း သကြားဓာတ်က မြင့်တက်နေပါလိမ့်မယ်။

ရင်ကျပ်ပန်းနာရောဂါ-
 ပုံမှန် အသက်ရှူတာကြောင့် အဆုတ်ဟာ အရည်ဓာတ် ဆုံးရှုံးနေပါတယ်။ ခန္ဓာကိုယ်က ရေကို အလုံအလောက် မရတဲ့အခါ ဟစ်စတာမင်းဓာတ်တွေ ထုတ်တာကြောင့် အဆုတ်မှာ လေပြွန်ကျဉ်းတာကို ဖြစ်စေနိုင်ပါတယ်။

ရင်ဘတ်အောင့်ခြင်း-
 ရင်ဘတ်အောင့်တာကလည်း ရေဓာတ်ခန်းခြောက်တဲ့ ပထမဆုံးလက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ တာရှည် ရေဓာတ်ခမ်းခြောက်မှုဖြစ်ရင် ခန္ဓာကိုယ်ထဲမှာ အက်စစ်ဓာတ် စုပုံလာကာ သွေးကြောဆဲလ်တွေကို တိုက်စားပစ်တာကြောင့် ရင်ဘတ်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။

ရင်ပူခြင်း -
အစာအိမ်နဲ့ အူလမ်းကြောင်း အပေါ်ပိုင်း မသက်မသာဖြစ်ရတဲ့ ခံစားချက်တစ်မျိုးပါ။ ရင်ပူတာဟာ တာရှည် ရေဓာတ်ခန်းခြောက်တာနဲ့ ဆက်စပ်မှု ရှိပါတယ်။

သွေးတွင်း ကိုလက်စထရောများခြင်း-
 သွေးတွင်းကိုလက်စထရောပမာဏ များရတာကလည်း ရေဓာတ်ခမ်းခြောက်မှုရဲ့ နောက်လက္ခဏာ တစ်ရပ်ပါ။ သွေးတွင်းကိုလက်စထရော အဆင့်ဟာ ဆဲလ်တွေရဲ့ ရေဓာတ်ဆုံးရှုံးမှု ဖြစ်စဉ်ကို ကာကွယ်ဖို့ ကောင်းကောင်း အလုပ် လုပ်ပေးပါတယ်။

သွေးတိုးခြင်း-
ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လျော့နည်းတဲ့အခါ ခန္ဓာကိုယ်တစ်လျှောက် သွေးကြောတွေက လိုအပ်တဲ့ ရေဓာတ်ကို မရတာကြောင့် ကျဉ်းသွားပါတယ်။ ချွေးထွက်တဲ့အခါ အရေပြားမှတစ်ဆင့်နဲ့ အသက်ရှူထုတ်ရာမှတစ်ဆင့် ရေဓာတ် ဆုံးရှုံးရတတ်ပါတယ်။

ခေါင်းတစ်ခြမ်း ကိုက်ခြင်း-
 ခေါင်းတစ်ခြမ်းကိုက်တာဟာ သွေးကြောတွေက ရေဓာတ်မရှိတာကြောင့် ထိခိုက်ချိန်မှာဖြစ်တဲ့ လက္ခဏာ တစ်ရပ်ပါ။ ရေကို အလုံအလောက် သောက်တာက သွေးကြော ရောင်ရမ်းမှုကို လျော့ကျစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။

ခါးနာခြင်း-
 ကျောရိုးအပြားထဲက ရေတွေက ခန္ဓာကိုယ်အပေါ်ပိုင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ပြီး ခါးနဲ့ လည်ပင်းတွေရဲ့ လှုပ်ရှားမှုအတွက် လိုအပ်တဲ့ ချောဆီကို ဖြစ်စေပါတယ်။ ရေဓာတ်ခန်းခြောက်တာက ခါးနာတာနဲ့ အဆစ်ရောင်တာကို ဖြစ်စေနိုင်ပါတယ်။

အူမကြီးရောင်ရမ်းခြင်း-
အူမကြီးဟာ စွန့်ထုတ်ပစ္စည်းတွေထဲက ရေစက်အနည်းငယ်ပဲကို စစ်ချရတဲ့အခါ  နာကျင်မှုကို ဖြစ်စေတာကြောင့် အူမကြီးရောင်ရမ်းမှုဟာ ရေဓာတ်ခန်းခြောက်တာနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ 
Ref: Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More