Pages - Menu

9 Mar 2013

ဘဝရှင်သန် ရပ်တည်ရေး အတွက် အာဟာရနှင့် သဘာဝ

လူဟူ၍ ဖြစ်လာလျှင် ပဓာန လိုအပ်ချက်မှာ အသက် ရှင်သန်ရေး ဖြစ်ပြီး ယင်းအသက် ရှင်သန်ရေး အတွက် ကျန်းမာရေးနှင့် ပြည့်စုံရန် အာဟာရ၊ အဝတ် အထည်နှင့် နေထိုင် ရန် နေရာတို့ လိုအပ်သည်။

ထို့ကြောင့် လူတို့သည် စားဝတ်နေရေး ဟူသော အရေး သုံးပါးကို နေ့စဉ် ကြိုးပမ်းနေကြ ရသည်။ အစား အသောက်သည် လူ့ဘဝ အသက် ရှင်သန်ရေးနှင့် ကျန်းမာရေး အတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်နံနက် ဟူသော ဆိုရိုးစကား ပင်ရှိသည်။ သန့်ရှင်းသော သောက်သုံးရေကို သောက်သုံးရန်နှင့် အာဟာရဓာတ် ပြည့်ဝသော အစားကို သင့်တင့် မျှတစွာ စားသုံးတတ်ရန် လိုသည်။

ယနေ့ ကမ္ဘာကြီးတွင် နည်းပညာ တိုးတက် လာသည်နှင့် အမျှ စားသောက်ဖွယ်များ ရေရှည် သိမ်းဆည်း ထားနိုင်ရေး၊ အရောင်နှင့် အနံ့ အရသာ ပိုမို ဆွဲဆောင်မှု ရှိရေး စသည့်ဈေးကွက် အမြင်ဖြင့် ဓာတု ဆေးများအား သုံးစွဲ နေကြရာ စားသုံးသူများ အတွက် ကျန်းမာရေး အန္တရာယ် ရှိနေပြီ ဖြစ်သည်။ ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်သော

စာရင်း ဇယားများ အရ ကင်ဆာရောဂါ ဖြစ်ပွားမှု အများဆုံး ၁ဝ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း တွေ့ရသည်။ ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အကြောင်းရင်း များတွင် အစား အသောက်ကြောင့် ဖြစ်ပွားမှု ၇ဝ ရာခိုင်နှုန်း ရှိကြောင်း လေ့လာသူ များက တွေ့ရှိ ထားကြသည်။ အစားအစာ အရောင်ဆိုးဆေး များသည် ရေတိုတွင် အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါ၊ အသည်းရောဂါ တို့ကို ဖြစ်ပွားစေပြီး ရေရှည်တွင် ကင်ဆာရောဂါ ဖြစ်ပွား စေနိုင်သည်။

အထူးသဖြင့် ကလေးများ စားသုံး နေကြသည့် မုန့်ပဲ သရေစာများ၊ အနံ့ ထည့်ထားသော ဆိုးဆေး ရောင်စုံ အချိုရည်ဘူး များနှင့် မုန့်မျိုးစုံ တို့မှာ ကလေးများ၏ အစာအိမ်၊ အသည်းနှင့် ကျောက်ကပ်များကို ထိခိုက် စေနိုင်သည်။ ထို့အပြင် မိသားစုတိုင်း နေ့စဉ်ချက်ပြုတ် စားသောက် နေကြရသည့် သားစိမ်း၊ ငါးစိမ်းများ၊ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်နှင့် ဟင်းသီး ဟင်းရွက် များသည်လည်း ဆိုးဆေးနှင့် ကြာရှည်ခံသော ဓာတုဆေးများ သုံးစွဲကြကြောင်း လေ့လာ သိရှိရသည်။ စားသောက်ကုန် စိုက်ပျိုး ထုတ်လုပ် သူ များနှင့် ဝယ်ယူ စားသုံးသူများ တစ်ဦးအပေါ် တစ်ဦး စာနာမှုဖြင့် မှန်မှန်ကန်ကန် ရောင်းဝယ်ကြဖို့ လိုသည်။ ရောင်းချသူ များက ဝယ်ယူသူများ အကြိုက် အရောင်ဆိုး ရောင်း ကြ ရသည်ဟု ကြားသိ ရခြင်းကြောင့် ဝယ်ယူသူများ ဘက်ကလည်း အာဟာရ ဖြစ်စေမည့် စားသောက် ကုန်ကိုသာ ရွေးချယ် ဝယ်ယူ ကြရမည် ဖြစ်သည်။

လူတို့၏ သဘောသည် အရောင်အဆင်း လှလှ၊ အနံ့ သင်းပျံ့ပျံ့ ဆိုလျှင် နှစ်သက်တတ်ကြ သည်မှာ ဓမ္မတာ ဖြစ်သော်လည်း အာဟာရ အတွက် သဘာဝလွန် စားသောက်ဖွယ် တို့ကို ရှောင်ကြဉ် ကြရန်မှာ ဘဝရှင်သန် ရပ်တည်ရေး အတွက် အရေးကြီးသော လိုအပ်ချက် ဖြစ်ကြောင်း သတိပြု ဆင်ခြင် ကြရမည် ဖြစ်ပေသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More