Pages - Menu

26 Nov 2012

မီးဖိုချောင်သုံး ပစ္စည်းများဖြင့် နည်းလမ်းတကျ အသားအရေ ထိန်းသိမ်းနည်း

အလှကုန် ပစ္စည်းအများစုဟာ ဓါတုပစ္စည်းတွေ ပါဝင်တာကြောင့် ကြာရှည်သုံးစွဲတဲ့ အခါမှာ အသားအရေကို ထိခိုက်တာမျိုး ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။  ဒါကြောင့် အသားအရေပေါ်က အပြစ်အနာအဆာတွေ ကင်းဝေးစေဖို့နဲပ အသားအရေ လှပ အပြစ်ကင်းစေဖို့အတွက် မီးဖိုချောင်သုံး ပစ္စည်းတွေကို ဘယ်လို အသုံးပြုသင့်တယ်ဆိုတာ အကြံပြုချင်ပါတယ်။

မီးဖိုချောင်သုံး ပစ္စည်းများဖြင့် နည်းလမ်းတကျ အသားအရေ ထိန်းသိမ်းနည်း

 ပျားရည်

 ပျားရည်မှာ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိနဲ့ ဘက်တီးရီးယား သေစေတဲ့ အာနိသင်တို့ ပါဝင်တာကြောင့် အရေပြား ပြတ်ရှရာနဲ့ မီးလောင်ဒဏ်ရာတွေအတွက် ပျားရည်ကို သုံးပြီး ရှေးကတည်းက ကုသခဲ့ပါတယ်။ အရေပြားပေါ်ကို ပျားရည်လိမ်းပေးရင် အရေပြား မျက်နှာပြင်ပေါ်မှာ အစိုဓါတ်ကို ရရှိစေကာ အစိုဓါတ်ထိန်း ပစ္စည်းအဖြစ် အသုံးဝင်ပါတယ်။ လေ့လာမှုအသစ်အရ ပျားရည်က အရေပြားဆဲလ် အသစ်ဖြစ်အောင် အားပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

ပြုလုပ်သင့်တဲ့ နည်းကတော့ ပျားရည်တစ်ဆ၊ သံလွင်ဆီ တစ်ဆနဲ့ ဗီတာမင်အီး အဆီတစ်ဆတို့ကို ရောမွှေပြီး မျက်နှာပြင်ပေါ် ပေါင်းတင်တဲ့ အနေနဲ့ လိမ်းပေးပြီး အချိန် ၁၀ မိနစ်ခန့် ထားပေးပါ။ ပြီးရင် ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီး အရေပြားကို ခြောက်သွေ့အောင် ထားပေးပါ။

ပျားရည်ကို ဆံသားချောမွေ့အောင်လည်း သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့်နည်းကတော့ ပျားရည်ခွက် တစ်ဝက်နဲ့ သံလွင်ဆီ ခွက်ရဲ့ လေးပုံတစ်ပုံတို့ကို ရောမွှေပြီး ဆံပင်သားအနှံ့ လိမ်းပေးပါ။ ပြီးရင် ခေါင်းစွပ်စွပ်ပြီး မိနစ် ၃၀ ကြာ ထားပြီးမှ ရေနဲ့ ဆေးကြောပေးသင့်ပါတယ်။

ဂျုံမှုန့်

ဂျုံမှုန့်ဟာ အသားအရေ ချောမွေ့စေတဲ့ အာနိသင် ရှိပါတယ်။ အထူးသဖြင့် ထိခိုက်လွယ်တဲ့ အရေပြားတွေကို ဂျုံမှုန့်အသုံးပြု နိုင်ပါတယ်။ အရေပြား ခြောက်သွေ့နေရင် နူးညံ့ပျော့ပျောင်း သွားစေဖို့ ဂျုံမှုန့်ကို အသုံးပြုပါ။ ပြုလုပ်ရမယ့်နည်းကတော့ လက်ကိုင်ပဝါထဲမှာ ဂျုံမှုန့်များများ ထည့်ပြီး သားရေကွင်းနဲ့ ချည်နှောင်လိုက်ပါ။ ပြီးရင် အဲဒီလက်ကိုင်ပဝါ အထုပ်ကို နွားနို့တစ်ဇလုံထဲ စိမ်ပါ။ ဂျုံမှုန့်တွေ ပျော့ပျောင်းလာတဲ့အထိ စိမ်ပြီး မျက်နှာနဲ့ ခန္ဓာကိုယ် အရေပြားကို သပွတ်အူနဲ့ တိုက်သလို ညင်ညင်သာသာ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ ချဉ်တဲ့သစ်သီးတွေမှာထက် ဗီတာမင်စီ ပိုမိုပါဝင်နေပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီသီးမှာ ဆလီးစလစ်အက်စစ် ပါဝင်ပါတယ်။ အဲဒီ အက်စစ်ဟာ ဝက်ခြံပျောက်ဆေးတွေထဲမှာပဲ အဓိက ပါဝင်တဲ့ ကြေးချွတ်ပစ္စည်းပါ။ စတော်ဘယ်ရီသီးကို ကြေညက်တဲ့အထိ ကြိတ်ချေပြီး ပြောင်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ရောမွှေကာ ပေါင်းတင်ပေးပါ။ ဝက်ခြံနဲ့ အဖုအပိမ့်တွေကို သက်သာစေပါတယ်။ ဒါပေမဲ့ သင့်မှာ ခြောက်သွေ့တဲ့ အသားအရေ ရှိရင်၊ ထိခိုက်လွယ်တဲ့ အသားအရေရှိရင်၊ ဒီနည်းကို မသုံးသင့်ပါ။

ဒိန်ချဉ်

ဒိန်ချဉ်အလွတ်မှာ လက်တစ်အက်စစ် (AHA) ပါဝင်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်ကို လိမ်းပေးရင် အရေပြားပေါ်က အရေးကြောင်းတွေကို သိသိသာသာ လျော့ကျစေပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ဒိန်ချဉ် ထမင်းစားဇွန်း နှစ်ဇွန်းကို ဂျုံမှုန့် ထမင်းစားဇွန်း တစ်ဇွန်းတို့နဲ့ ရောမွှေပြီး မျက်နှာပေါ် လိမ်းကာမျက်နှာကြေးချွတ်ဆေး အဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။

လက်ဖက်အိတ်

လက်ဖက်ရည်ထဲက ကဖင်းဓါတ်ဟာ မျက်လုံးဖောင်းအစ်တာကို လျော့ကျစေပါတယ်။ နံနက်ခင်းမှာ လက်ဖက်စိမ်း လက်ဖက်အိတ် နှစ်ထုပ်ကို စိမ်ထားပြီး အေးတဲ့အထိ ဘေးကို ဖယ်ထုတ်ထားပါ။ ပြီးရင် မျက်လုံးပေါ်ကို မိနစ် အနည်းငယ်ကြာ တင်းထားလိုက်ပါ။ လက်ဖက်အိတ်ထဲက ကဖင်းဓါတ်ဟာ အရေပြားမှ တစ်ဆင့် အလွယ်တကူ စုပ်ယူနိုင်တာကြောင့် မျက်ဝန်းဖောင်းအစ်မှု လျော့ကျကာ လန်းဆန်းစေနိုင်ပါတယ်။

Ref: Good Health

 

Twitter Delicious Facebook Digg Stumbleupon Favorites More