Pages - Menu

8 Dec 2012

ခ၀ဲသီး ငရုတ်ပွကြော်

မင်္ဂလာပါရှင့့်  အခုလို ရာသီမှာ ခ၀ဲသီးလေးတွေ သိပ်ပေါပါတယ်။

ခ၀ဲသီးကတော့ အချိုသီးရယ်၊ အခါးသီးရယ်ဆိုပြီး ရှိပါတယ်။

 ဒါပေမယ့် အပြင်ပန်း အမြင်အနေအထားနဲ့တော့ ခ၀ဲသီးဟာ ချိုသလား၊ ခါးသလား ခွဲခြားလို့မရပါဘူး။

 ခ၀ဲသီးအနုအရင့်ကိုသာ အပြင်ပန်းအမြင်နဲ့ ခွဲခြားနိုင်ပါတယ်။ ခ၀ဲသီးအခွံမှာ အပေါ်မှာ ဇောင်းလေးတွေပါပါတယ်။

 ခ၀ဲသီးအခွံအရောင် စိမ်းစိုပြီး ဇောင်းလေးတွေဟာ နက်တယ်ဆိုရင် ခ၀ဲသီး နုပါတယ်။

 ဇောင်းလေးတွေ တိမ်ပြီး အရောင်က အစိမ်းရောင်နည်းနည်းခြောက်တယ်ဆိုရင် ခ၀ဲသီး ရင့်ပါတယ်။

 အဲ့ဒီနည်းနဲ့ ခ၀ဲသီးအနုအရင့်ကို ရွေးနိုင်ပါတယ်။

ခ၀ဲသီးငရုတ်ပွ ကုန်းဘောင်ကြော်အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကို ပြောပြပါမယ်နော်။
ခ၀ဲသီး
ငရုတ်သီးအပွ
ကြက်သားအသား
ကြက်သွန်နီ
ငရုတ်သီးအခြောက်တောင့်
သကြား
ဆား
ဟင်းခတ်မှုန့်နဲ့ ဆီတို့ပါနော်။

ကြက်သားအသားချည်းသပ်သပ်ကို ရေဆေး၊ မထူမပါးလှီးပြီး ဆားအနည်းငယ်၊ သကြားအနည်းငယ် တို့နဲ့ နယ်ပေးထားပါ။

ခ၀ဲသီးကို အခွံနွှာ၊ ရေဆေးပြီး မထူမပါး ခပ်စောင်းစောင်းလေးတွေ ဖြစ်အောင် လှီးပေးပါ။ ငရုတ်သီး အပွတောင့်ကို အညှာခြွေပြီး ထက်ခြမ်းခွဲလိုက်ပါ။

 ပြီးရင် အထဲက ငရုတ်သီးအစေ့တွေကို ဓါးနဲ့အသာ လှီးဖြတ်ပစ်ပါ။ ငရုတ်သီးအသားတွေကို မထူမပါးလှီးပေးပါ။

 ကြက်သွန်နီကို အခွံနွှာပြီး လေးစိတ်ထိုးပေးထားပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး ဒယ်အိုးထဲကို သကြားနဲ့ ဆား အနည်းငယ်စီကို ထည့်လိုက်ပါ။ ပြီးတော့မှ ဆီထည့်ပေးပါ။

 ဆီပူလာပြီး ဆီထဲမှာ သကြားဆားတွေ အမြှုပ်လေး ထလာချိန်မှာ

ငရုတ်သီးအခြောက်တောင့်ကို ထည့်ကြော်ပေးပါ။ မီးကို အနည်းဆုံးလျော့ချထားပြီး ကြော်ပေးပါ။

ငရုတ်သီးတွေ အကျက်ညီလာပြီဆိုရင်တော့ ကြက်သွန်နီထည့်ပြီး မွှေပေးပါ။

 ကြက်သားကိုထည့်ပြီး မီးကို အသင့်အတင့်ဖြစ်အောင် ထားပြီး အားလုံး သမအောင် ရောမွှေပေးပါ။

 ကြက်သားရပြီဆိုရင် လှီးထားတဲ့ ငရုတ်ပွနဲ့ ခ၀ဲသီးတွေကိုထည့်ပြီး အားလုံးသမအောင် ရောမွှေပေးပါ။

ဒယ်အိုးအဖုံးကို အုပ်စရာမလိုပါဘူး။ ကြက်သားရယ်၊ ငရုတ်ပွရယ်၊ ခ၀ဲသီးရယ် အားလုံးကို အနူးညီအောင်သာ ဂရုစိုက်ပြီး ကြော်ပေးပါ။ ရေထည့်စရာ မလိုပါဘူး။

မီးအသင့်အတင့်နဲ့ ကြော်ပေးနေတဲ့အတွက် အသီးတွေက ထွက်လာတဲ့ အရည်နဲ့တင် အသားရော အသီးတွေရော နူးပါတယ်နော်။

အရသာအပေါ့အငံအတွက် ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်တို့ကို လိုသလို မြည်းပြီး လိုအပ်တဲ့ အရသာတွေကို ထပ်ဖြည့် ပေးပါနော်။

 အဲ့ဒါဆိုရင်တော့ ပူပူနွေးနွေး မွှေးမွှေးလေးနဲ့ အရသာရှိလှတဲ့ ခ၀ဲငရုတ်ပွကြော်လေးရပါပြီနော်။
အလုပ်များပြီး ဟင်းချက်ဖို့ အချိန်သိပ်မပေးနိုင်တဲ့ ချစ်မောင်နှမများအတွက် အချိန်ကုန်လည်းသက်သာ၊ အသားရော၊ အသီးအရွက်ရောပါ တစ်ခါတည်း စားနိုင်မယ့် ဟင်းလေးတစ်မယ်ပါနော်။
 ထမင်းဖြူလေးနဲ့ဆို သိပ်လိုက်ဖက်ပါတယ်နော်။

Twitter Delicious Facebook Digg Stumbleupon Favorites More