Pages - Menu

8 Dec 2012

ရုံးပတီသီးကြော်

ခြံထွက် ရုံးပတီသီးနုနုလေးတွေကို ဘယ်လိုချက်စားရင်ကောင်းမလဲ စဉ်းစားလိုက်တော့ အလွယ်တကူ ကြော်စားဖို့ပဲ စိတ်ကူးရလိုက်ပါတယ်။

ရုံးပတီသီးကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
 ရုံးပတီသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်၊ ငံပြာရည်၊ ဆားအနည်းငယ်၊ ဆီနဲ့ အချိုမှုန့်အနည်းငယ်တို့ပါ။

ရုံးပတီသီးကို အတောင့်လိုက်ရေဆေးပြီးတော့မှ အမြီးဖြတ်၊ ထိပ်ဖျားလေးဖြတ်ပြီးတော့မှ ရုံးပတီသီးကို အရွယ်တော်လေးသုံးပိုင်းပိုင်းထားပေးပါ။

 ကြက်သွန်ဖြူနဲ့ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ကြက်သွန်နီကို မထူမပါးလေးလှီးပေးထားပါ။

 ပုစွန်ခြောက်ကိုလည်း မညက်တညက်လေး ထောင်းပေးထားပါ။

အားလုံးအသင့်ဖြစ်သွားပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ ကြက်သွန်ဖြူနီကိုထည့်ပြီး ဆီသတ်၊ ကြက်သွန်စိမ်းနံ့တွေပျောက်ပြီဆိုရင်တော့ ပုစွန်ခြောက်တွေထည့်ပြီးတော့ ဆီသတ်၊ တစ်လက်စတည်း ရုံးပတီသီးတွေထည့်ပြီး ကြော်ပါ။

 ပြီးတော့မှ ဆား၊ ငံပြာရည်လေးနည်းနည်း၊ အချိုမှုန့်အနည်းငယ်တို့ထည့်ပြီး ရုံးပတီသီးနူးရအောင်ရေလေးထည့်ပြီး မွှေပြီးတော့ ခဏလောက် အဖုံးအုပ်ထားပေးပါ။

 ခဏနေရင်တော့ အဖုံးဖွင့်ပြီး အပေါ့အငံအရသာကိုမြည်းပြီး ရုံးပတီသီးကြော်အိုးလေးကို မီးဖိုပေါ်ကနေ ချလို့ရပါပြီနော်။

Twitter Delicious Facebook Digg Stumbleupon Favorites More