Pages - Menu

8 Dec 2012

မှိုငရုတ်ပွကြော်

ဒီနေ့တော့ မှိုနဲ့ ငရုတ်သီးအပွတောင့်ကို ကြက်သား၊ ကြက်သည်းကြက်မြစ်နဲ့ကြော်ကျွေးပါရစေနော်။ 

လိုအပ်တဲ့ပစ္စည်းတွေကတော့
  ကြက်သားအသားသီးသန့်၊ ကြက်သည်း၊ ကြက်မြစ်၊ ကြက်သွန်ဖြူ၊ မှို (ကြိုက်နှစ်သက်ရာမှိုကို သုံးနိုင်ပါတယ်။ ကျွန်မ အခု ကောက်ရိုးမှိုကို သုံးထားပါတယ်။) ငရုတ်သီးအပွတောင့်၊ ဂျုံမှုန့်၊ ကော်မှုန့်၊ သကြား၊ ဆား၊ ပဲငံပြာရည်အကြည်နဲ့ ဟင်းခတ်မှုန့်တို့ပါနော်။
 

ကြက်သားကို သန့်စင်အောင် ရေဆေးပြီး ခပ်ရှည်ရှည်လေးတွေဖြစ်အောင် လှီးထားပေးပါ။ 

ကြက်သည်းကြက်မြစ်ကိုလည်း သေချာသန့်ရှင်းရေးလုပ်ပြီး အမြစ်ကို ခပ်ပါးပါးလှီးပါ။ 

အသည်းကိုတော့ အရွယ်တော်အနေလေးတွေဖြစ်အောင် လှီးထားပေးပါနော်။

 ပြီးမှ ကြက်သား၊ အသည်း၊ အမြစ်တို့ကို ဂျုံမှုန့်အနည်းငယ်၊ ကော်မှုန့်အနည်းငယ်၊ ဆား၊ သကြားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့နဲ့ နယ်ပြီး နှပ်ပေးထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပေးပါ။

 မှိုကို သန့်စင်အောင် တစ်ပွင့်ချင်းစီကို သန့်ရှင်းရေးလုပ်ပြီး မှိုပွင့်လေးရဲ့ အပေါ်ပိုင်းကနေ ထက်ခြမ်းခြမ်းထားပေးပါနော်။ 

ငရုတ်သီးအပွတောင့်ကိုလည်း ရေဆေး အညှာချွေပြီး ထက်ခြမ်းခွဲပေးပါ။

 ပြီးတော့မှ အထဲက အစေ့တွေကို ဖယ်ထုတ်ပစ်ပါ။ ငရုတ်သီးကို အရှည်လိုက် ခပ်ပါးပါးလေးတွေ လှီးပေးပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်ပြီးတော့ ဆီထည့်၊ ဆီပူလာပြီဆိုရင် နယ်ထားတဲ့ ကြက်အမြစ်ကို အရင်ထည့်ပြီးကြော်ပါ


 ကြက်အမြစ်က မာတာမို့ ရေလေးထည့်ပြီး အဖုံးအုပ်၊ မီးအသင့်အတင့်ထားပြီး ကြော်ပေးပါနော်။

 ကြက်အမြစ်နူးလောက်ပြီဆိုရင်တော့ ကြက်သားတွေကိုထည့်ပြီးကြော်ပါ။

 ကြက်သားတွေကျက်လောက်တော့မှ ကြက်သည်းကိုထည့်ပါ။ 

အားလုံးအကျက်ညီလောက်ပြီဆိုရင် အသားတွေကို ဒယ်အိုးတစ်ဖက်ကပ်ပြီးတော့ ကျန်တစ်ဖက်မှာ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကိုထည့်ကြော်ပေးပါ။

 ကြက်သွန်စိမ်းနံ့ပျောက်ပြီး နွမ်းတာနဲ့တစ်ပြိုင်နဲ့ မှိုတွေကိုထည့်ပြီး ကြော်ပေးပါ။ 

မှိုတွေရယ်အသားတွေရယ်ကြက်သွန်ဖြူတွေကို နှံ့အောင် ရောသမမွေပေးပြီး ၂ မိနစ်လောက် ခဏလောက် အဖုံးအုပ်ထားပေးပါ။

 ပြီးတော့ အဖုံးပြန်ဖွင့်ပြီး လှီးထားတဲ့ငရုတ်သီးတွေကိုထည့်ပြီး သမအောင်မွှေပြီး ကြော်ပေးပါ။ 

ဆား၊ သကြား၊ ဟင်းခတ်မှုန့်နဲ့ ပဲငံပြာရည်အကြည်တို့ကိုလည်း လိုအပ်သလို ထည့်ပြီး အဖုံးခဏအုပ်ပြီးထားပေးပါ။

 ပြီးရင် အဖုံးဖွင့်ပြီး အထက်အောက်နှံ့အောင်မွှေပြီးတော့ အပေါ့အငံကိုမြည်းပါ။ 

အရသာကြိုက်ပြီဆိုရင်တော့ မီးပိတ်ပြီး ဟင်းအိုးချလို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ ကြက်သား၊ မှိုနဲ့ ငရုတ်သီးပွကြော်ရပါပြီနော်။

Twitter Delicious Facebook Digg Stumbleupon Favorites More