Pages - Menu

2 Oct 2013

ဆော့စ်လုပ်နည်းလေးများ(Sauces Making)

ဝါသနာရှင်များ၏ တောင်းဆိုရာ

ဆော့စ်လုပ်နည်းလေးများ(Sauces Making)
'၀ါသနာရှင်များ၏ တောင်းဆိုရာ' ကဏ္ဍမှာ ဒီလအတွက်
တောင်းဆိုထားတာကတော့ ဆော့စ်လုပ်နည်းလေးပဲဖြစ်ပါတယ်။
လွယ်ကူလှတဲ့ ဆော့စ်လုပ်နည်းများကိုတော့
မစည် (Syi Lwin Food Garden)ကပဲ ဖြေကြားပေးထားပါတယ်။

ဆော့စ်လုပ်နည်းလေးတွေဟာ အင်မတန်လွယ်ကူပါတယ်။
ခရမ်းချဉ်သီးကို အခြေခံပြီး ပြုလုပ်ထားတာကြောင့်
ပါဝင်ပစ္စည်းလေးတစ်ခု ထပ်တိုးထည့် လုပ်လိုက်တာနဲ့
ဆော့စ်နောက်တစ်မျိုး ဖြစ်သွားတဲ့အတွက်
ကိုယ်လိုချင်တဲ့ဆော့စ်ကို လိုသလိုပြောင်းလဲနိုင်ပါတယ်
ဆော့စ်ကို သိမ်းမယ်ဆိုရင်တော့ ဖန်ပုလင်းများဟာ
အကောင်းဆုံးပါ။ ဆော့စ်မထည့်ခင် ဖန်ပုလင်းကို
ရေနွေးလေးဖြင့်စိမ်ပြီး ပိုးသေအောင်လုပ်မှသာလျှင်
ထည့်ထားသောဆော့စ် ကြာရှည်ခံမှာဖြစ်ပါတယ်။
ရေခဲသေတ္တာထဲမှာ သိမ်းထားလျှင် ကြာရှည်ခံပါတယ်။

၁။ ခရမ်းချဉ်သီးဆော့စ်(Tomatoe Sauce)
•ခရမ်းချဉ်သီးအနှစ်ဘူး - ၃ ခွက်ခွဲ
(ဟင်းချက်ရင်တိုင်းတဲ့ခွက်ပါ)
(ခရမ်းချဉ်သီးကိုသုံးမယ်ဆိုရင် နူးအိအောင်ပြုတ်ပါ)
•ပျားရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(သကြားနဲ့ အစားထိုးလည်းရပါတယ်)
•ရှလကာရည် - စားပွဲဇွန်း ၁၀ ဇွန်း
•ကြက်သွန်နီ - စားပွဲဇွန်း ၂ ဇွန်း
(မွမွလေးတွေ စဉ်းထားပါ)
•ကြက်သွန်ဖြူ - ၂ မြွှာ
(မွမွလေးတွေ စဉ်းထားပါ)
•ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
•ငရုတ်ကောင်းမှုန့်အမည်း-လက်ဖက်ရည်ဇွန်းတစ်ဝက်
•မုန်ညင်းစေ့မှုန် - လက်ဖက်ရည်ဇွန်း တစ်ဝက်
•ငရုတ်သီးအရောင်တင်မှုန့်-လက်ဖက်ရည်ဇွန်းတစ်ဝက်
•ဟင်းခတ်အမွှေးစုံရောမှုန့် - သင့်တော်သလောက်
(မထည့်လည်းရပါတယ်)
•လေးညှင်းမှုန့် - အနည်းငယ်
•နံနံစေ့မှုန့် - အနည်းငယ်

ခရမ်းချဉ်သီးဆော့စ်ပြုလုပ်ပုံ
အားလုံးကို အိုးအကြီး ထဲထည့်ပြီး မီးမျှင်မျှင်လေးနဲ့တည်ပါ။
မကြာခဏ မွှေပေးပါ၊ ပွက်လာပြီဆိုလျှင် အအေးခံပြီး
ကြိတ်စက်ထဲ ကြေညက်တဲ့အထိ ထည့်မွှေပါ။
ပြီးလျှင် သံဆန်ခါအစိတ်နဲ့စစ်ပါ။ ရလာသောအနှစ်ကို
ပိုးသတ်ထားသောပုလင်းထဲ လောင်းထည့်ပြီး
ရေခဲသေတ္တာထဲမှာထားပြီး စားသုံးပါက လနဲ့ချီအထားခံပါတယ်။
အာလူးကြော်ကတော့ ခရမ်းချဉ်သီးဆော့စ်ရဲ့တွဲဖက်ပါ။

၂။ မန်ကျည်းနှစ်ဆော့စ် (Tamarind Sauce)
ခရမ်းချဉ်သီးဆော့စ်ထဲမှာပါဝင်သော ပစ္စည်းများ
အားလုံးအတိုင်းထည့်ပါ။ မန်ကျည်းအနှစ်ကို
စားပွဲဇွန်း ၁၀ ဇွန်းထည့်ပြီး ရှလကာရည်ကို လျှော့ထည့်ပါ။
ပျားရည်အစား သကြားသုံးပါ။ လုပ်နည်းကတော့
ခရမ်းချဉ် သီးဆော့စ်နည်းအတိုင်းပါ။ စားခါနီးဆော့စ်ထဲ
ငရုတ်သီးစိမ်းလေးညှပ်ထည့်ပြီး ပူစီနံ (သို့) နံနံပင်ဖြူးပြီး
အကြော်နဲ့တွဲစားလျှင် သိပ်ကောင်းပါတယ်။
ဘူးသီးကြော်နှင့်စားလျှင် လိုက်ဖက်ပါတယ်။

၃။ ငရုတ်သီးအစပ် ချင်းဆော့စ် (Chilli Ginger Sauce)
ခရမ်းချဉ်သီးဆော့စ်ထဲမှာပါဝင်သော ပစ္စည်းများ အားလုံးအတိုင်းထည့်ပါ။
ချင်းကို လက်နှစ်ဆစ်တစ်ပိုင်းထည့်ပြီး ငရုတ်သီးစိမ်းကို
အတောင့် ၃၀ လောက်ထည့်ပါ။ လုပ်နည်းကတော့
ခရမ်းချဉ်သီးဆော့စ်နည်း အတိုင်းပါ။ ငရုတ်သီးနဲ့ ချင်းကို
ကိုယ့်စိတ်တိုင်းကျ ချိန်ဆထည့်နိုင်ပါတယ်။
စားခါနီး ဆော့စ်ထဲ နံနံပင်လေးနဲ့ ဖြူးစားလျှင်
ဝက်သားတုတ်ထိုး၊ အသားပြုတ်များဖြင့် တွဲဖက်စားလျှင်
သိပ်လိုက်ဖက်ပါတယ်။

၎။ ငရုတ်သီးအစပ် ကြက်သွန်ဖြူဆော့စ် (Chilli Garlic Sauce)
ခရမ်းချဉ်သီးဆော့စ်ထဲမှာပါဝင်သော ပစ္စည်းများအားလုံး
အတိုင်းထည့်ပါ။ ကြက်သွန်ဖြူ ၁၀ မြွှာ အခွံခွာထည့်ပြီး
ငရုတ်သီးစိမ်းကို အတောင့် ၃၀ လောက်ထည့်ပါ။
လုပ်နည်းကတော့ ခရမ်းချဉ်သီးဆော့စ်နည်းအတိုင်းပါ။
ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို ကိုယ့်စိတ်တိုင်းကျ
ချိန်ဆထည့်နိုင်ပါတယ်။ စားခါနီး နံနံပင်၊ ပူစီနံလေးများ
ဆော့စ်ထဲဖြူးစားလျှင် ၀က်သားတုတ်ထိုး၊ အသားပြုတ်၊
အသုပ်များနှင့် တွဲဖက်စားလျှင် သိပ်လိုက်ဖက်ပါတယ်။

၅။ စပါးလင် ဆော့စ် ( Lemon Grass Sauce)
ခရမ်းချဉ်သီးဆော့စ်ထဲမှာပါဝင်သော ပစ္စည်းများအားလုံး
အတိုင်းထည့်ပါ။ စပါးလင် ၅ /၈ ပင် အနည်းငယ်ထုပြီး ထုံးထည့်ပါ။
လုပ်နည်းကတော့ ခရမ်းချဉ်သီးဆော့စ်နည်းအတိုင်းပါ။
ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို ကိုယ့်စိတ်တိုင်းကျ
ချိန်ဆထည့်နိုင်ပါတယ်။ အစပ်စားချင်ရင် စားခါနီး
ငရုတ်သီးစိမ်းလေးများ ဆော့စ်ထဲညှပ်ထည့်ပြီး
ကော်ပြန့်စိမ်းလိပ်လိုမျိုးနဲ့ တွဲဖက်စားလျှင် သိပ်လိုက်ဖက်ပါတယ်။

၆။ အိန္ဒိယစတိုင်လ်ဆော့စ် ( Spicy Indian Style Sauce)

ခရမ်းချဉ်သီးဆော့စ်ထဲမှာပါဝင်သော ပစ္စည်းများအားလုံး
အတိုင်းထည့်ပါ။ ကုလားမဆလာ စားပွဲဇွန်း ၃ ဇွန်းနှင့်
ငရုတ်သီးစိမ်းကို အတောင့် ၂၅ တောင့်လောက်ထည့်ပါ။
လုပ်နည်းကတော့ ခရမ်းချဉ်သီးဆော့စ်နည်း အတိုင်းပါ။
ငရုတ်သီးနဲ့ မဆလာကို ကိုယ့်စိတ်တိုင်းကျ ချိန်ဆထည့်နိုင်ပါတယ်။
စားခါနီး နံနံပင်လေးများကိုဆော့စ်ထဲဖြူးစားလျှင် ဗယာကြော်၊
စမူဆာ၊ ပဲစင်းငုံသုပ်တို့ဖြင့် တွဲဖက်စားလျှင် သိပ်လိုက်ဖက်ပါတယ်။

၇။ တရုတ်စတိုင်လ်ဆော့စ် (Chinese Style Sauce)
ခရမ်းချဉ်သီးဆော့စ်ထဲမှာပါဝင်သော ပစ္စည်းများအားလုံး
အတိုင်းထည့်ပါ။ ကြက်သွန်မြိတ် ၅ ပင် ထုံးပါ၊ ငရုတ်သီးစိမ်း
၁၀ တောင့်၊ ပဲငံပြာရည်အကြည် ခွက် တစ်ဝက်၊ ပျားရည်အစား
သကြားထည့်ပါ။ Dry Sherry ၁၅ ဇွန်းလောက်ထည့်ပါ။
လုပ်နည်းကတော့ ခရမ်းချဉ်သီးဆော့စ်နည်းအတိုင်းပါ။
ပါဝင်ပစ္စည်းများကို ကိုယ့်စိတ်တိုင်းကျ ချိန်ဆထည့်နိုင်ပါတယ်။
ဆော့စ်ထဲသို့ စားခါနီး နှမ်း၊ ကြက်သွန်မြိတ်အမျှင်လေးများလှီး
ဆော့စ်ထဲဖြူးပြီး ၀က်သားတုတ်ထိုး၊ အသားပြုတ်၊ ဖက်ထုပ်၊
ဒင်ဆမ်းတို့နဲ့ တွဲဖက်စားလျှင် သိပ်လိုက်ဖက်ပါတယ်။

 Syi Lwin Food Garden

Twitter Delicious Facebook Digg Stumbleupon Favorites More