ကျွန်မက အချိုဆိုသိပ်မကြိုက်တတ်ပါ။
သို့သော် ခြင်းချက်အနေနဲ့ ဆိမ့်တဲ့အရာတွေနဲ့
တွဲစားရမယ်ဆိုရင် ပိုစားဖြစ်ပါတယ်။
မြန်မာကန်စွန်းဥလေးတွေကို ဘုန်းဘုန်း ဦးတောဆီက
လက်ဆောင်ရလာပါတယ်။ အဲဒီတော့
ကျွန်မက ဘာလုပ်စားရမလဲ စဉ်းစားပါတယ်။
ကန်စွန်းဥဆိမ့်ဆိမ့်၊ စေးစေးလေးကို ပြုတ်ပြီး
ဆီနဲ့ဆားနဲ့တို့စားရကောင်းမလား၊ အမျိုးသားက
သာကူသောက်ချင်ကြောင်းပြောထားတာ
သတိရသွားတော့ လွယ်လွယ်ကူကူပဲ
ဒါလေးကို လုပ်စားဖြစ်တာပါနော် . . . ။
ပါဝင်ပစ္စည်းများ
........................
ကန်စွန်းဥအလတ် - ၂ ဥ၊ သာကူစေ့ - ၁ခွက်ခွဲ( ဆန်ချိန်ခွက်)၊ ထန်းလျက်ရည်-၂၅၀ ဂရမ် (ကြွက်မြီးတန်း ပျစ်ပျစ် )၊
အုန်းသီးဖတ် - အနည်းငယ်၊ ဆား -လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပြုလုပ်နည်း
..................
ကန်ဇွန်းဥလေးများကို နူးအောင်ပြုတ်ပြီး
အခွံခွာကာအတုံးလေးများဖြစ်အောင်လှီးစိတ်ပေးထားပါ။
သာကူကို ရေဆေးပြီး အိုးတစ်အိုးထဲတွင်ထည့်ကျိုပါ။
သာကူမျက်စိပျောက်တဲ့အထိ မွှေကျိုပေးပါ။
အောက်မကပ်အောင် မွှေပေးရပါမယ်။
မျက်စိပျောက်ရင်ထန်းလျက်ရည်ကျိုပြီးသားကို
ဆန်ခါစစ်ထည့်ပါ။ (ကျွန်မက Ready Made ကိုသုံးလို့
စစ်စရာမလိုပါ) ဆားထည့်မွှေပါ။
ပျစ်လာပြီဆိုရင် ကန်စွန်းဥ ပြုတ်လှီးစိတ်ပြီးသားလေးများရောပေးပါ။
အနံ့မွှေးလာပါမယ်။ အုန်းသီးဖတ်လေးများဖြူးပြီး
ကန်စွန်းဥသာကူကျိုကို နေ့လယ်နေ့ခင်းအဆာပြေ
စားသုံးနိုင်ပါပြီရှင်။
• Ei Thet