Pages - Menu

20 Nov 2012

အသားအရေတွန့်ခြင်း

အသားအရေတွန့်ခြင်းဆိုသည်မှာ ကျွန်တော်တို့ အသက်ကြီးလာသည့်အခါ အရေပြားတွင် ဖြစ်ပေါ်လာသော အစင်းများ၊ မြောင်းများ နှင့် အချိုင့်များ ဖြစ်ကြပါသည်။ လူတိုင်းလူတိုင်း ဓမ္မတာ အားဖြင့် အသက်ကြီးလာလျှင် ဖြစ်မည်သာဖြစ်သည်။ အသားတွန့်ခြင်းသည် ရေထဲတွင် အကြာကြီး စိမ်နေလျှင်လည်း ဖြစ်တတ်သည်။

နေလောင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း နှင့် အချို့သောဆေးများသည် အသားအရေတွန့်ခြင်းကို ဖြစ်စေပါသည်။ အသားအရေတွန့်ခြင်းကို လူတိုင်း ရှောင်လွဲ၍ မရပါ။ အသက်ကြီးလာပါက အရေပြားသည် ပါးလာပြီး ပိုမိုခြောက်သွေ့လာကာ ကြုံ့နိုင် ဆန့်နိုင်သော သတ္တိများလည်း နည်းပါးလာပါသည်။ ထို့အပြင် အရေပြား၏ ထိခိုက်ဒဏ်ရာကို ကာကွယ်နိုင်စွမ်းလည်း ကျဆင်းလာပါသည်။ နောက်ဆုံးတွင်တော့ အရေပြားတွင် အစင်းများ ပေါ်လာပါတော့သည်။

အထက်တွင် ဖော်ပြထားသောအချက်များအပြင် လူတစ်ယောက်၏ မျိုးရိုးဗီဇ သည်လည်း ထိုသူ၏ အသားအရေတွန့်ချိန်ကို လွှမ်းမိုးနိုင်ပါသည်။ အသားအရေတွန့်ခြင်းသည် အသက်ကြီးခြင်းကို ညွှန်းဆိုသောကြောင့် ပညာရှိသကဲ့သို့ တင်စားကြသော်လည်း လူအများစုကတော့ မနှစ်မြို့ကြပါ။ တစ်ကမ္ဘာလုံးတွင် ဒေါ်လာ ဘီလီယံနှင့် ချီသော ငွေကြေးတို့ကို အသုံးချကာ အသားမတွန့်အောင် ကုသနေကြပါသည်။ အချို့ဆေးများက ပျောက်မည်ပြောပြီး ဘာမှ မထူးသော်လည်း အချို့သော ဆေးများကတော့ အနည်းနှင့် အများ ထိရောက်သည်လည်း ရှိကြပါသည်။

အသားအရေတွန့်ခြင်းသည် လူတစ်ကိုယ်လုံးတွင် ဖြစ်ပေါ်နိုင်သော်လည်း နေရောင်ဖြင့် အများဆုံးထိတွေ့သောနေရာများတွင် အများဆုံးပေါ်ပေါက်တတ်ပါသည်။ ထိုနေရာတွေကတော့ - * လက်ဖမိုး * မျက်နှာ * ဂုတ် * လက်ဖျံ တို့ ဖြစ်ကြပါသည်။ အသားအရေတွန့်ခြင်းတွင် နှစ်မျိုးရှိပါသည်။ အပေါ်ယံ အစင်းများ နှင့် အောက်သို့ရောက်သော အစင်းများ ဖြစ်ကြသည်။ လိမ်ဆေးအများစုသည် အပေါ်ယံတွင် ရှိသော အစင်းများလောက်ကိုသာ သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။
အောက်သို့ ရောက်သော အစင်းများကိုမူ လေဆာ သို့မဟုတ် ခွဲစိတ်သည့် နည်းဖြင့်သာ ကုသပေးနိုင်ပါသည်။ အသားအရေတွန့်ခြင်းကို ဖြစ်စေသော အဓိက အကြောင်းအရာများ ပုံမှန်အသက်ကြီး၍ ဖြစ်ခြင်းမှ အပ အောက်ပါ အချက်များသည် အသားအရေတွန့်ခြင်းကို ပိုမို ဖြစ်ထွန်းစေပါသည်။ ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်ပါက အရေပြားသို့ သွေးစီးနှုန်း နည်းသွားပြီး အရေပြားအိုခြင်းကို ပိုမိုမြန်ဆန်စွာ ဖြစ်စေပါသည်။
အသားဖြူခြင်း - အသားဖြူပါက နေရောင်ဒဏ်ကို ပိုမိုခံရပြီး အသားတွန့်ခြင်းကို မြန်စေပါသည်။ မျိုးရိုးဗီဇ - အဖေ အမေတို့တွင် အသက်ငယ်ငယ်ကတည်းက အသားအရေ တွန့်တတ်ပါက မိမိတွင် လည်း ထိုသို့ ငယ်ငယ်ကတည်းက အရေတွန့်နိုင်သည်။ အ၀တ်အစား - ဦးထုပ် နှင့် လက်ရှည် အင်္ကျီ တို့ကို ၀တ်ဆင်လေ့ရှိသူသည် မ၀တ်သောသူတို့နှင့်ယှဉ်လျှင် နောက်ကျမှ အသားတွန့်ပါသည်။ အလုပ်အကိုင်- နေပူထဲတွင် ကြာကြာအလုပ်လုပ်ရသောသူတို့သည် အသားအရေ တွန့်ခြင်းကို စောစီးစွာ တွေ့ကြုံရသည်။

မျက်နှာထား - တစ်ချိန်လုံး ပြုံးနေရသူများ၊ ခဏခဏ မျက်နှာ အမူအရာကို ကစားနေရသူများတွင်လည်း ကြွက်သားများ စောစောစီးစီး အိုမင်းကာ အသားအရေတွန့်တတ်ပါသည်။ အသားအရေတွန့်ခြင်းကို မည်ကဲ့သို့ ကုသနိုင်သနည်း။ လိမ်းဆေးများ Vitamin A နှင့် သူ၏ compound များပါဝင်သော လိမ်ဆေးများ လိမ်းလို့ ရပါသည်။ သို့သော် မိမိအရေပြားနှင့် မတည့်ပါက ဓာတ်မတည့်မှုများ ဖြစ်တတ်ပါသည်။
အဆိုပါ ဆေးများ၏ ထိရောက်မှုမှာ မည်သူမှ သေချာပေါက်မပြောနိုင်ပေ။ လူတစ်ဦးနှင့် တစ်ဦးကွာပေလိမ့်မည်။ အခြားတစ်ယောက်တွင် အဆင်ပြေသော်လည်း မိမိနှင့် အဆင်ပြေချင်မှ ပြောပါလိမ့်မည်။ ခွဲစိတ်ခြင်း plastic surgery တွင် မျက်နှာကို ခွဲစိတ်ရခြင်းသည် အဓိက အစိတ်အပိုင်းအဖြစ်ပါဝင်ပါသည်။ ခွဲစိတ်သည့် နည်းပေါင်းများစွာ ရှိသော်လည်း နာမည်ကြီးသော နည်းလမ်းများမှာ Botox ဆေးထိုးခြင်း နှင့် Face Lift ခေါ် အရေပြားကို ခွာကာ ပုံပြန်သွင်းခြင်းတို့ ဖြစ်ပါသည်။ Laser ဖြင့် အောက်ခံအရေပြားကို အသားနု ပြန်တက်အောင် လုပ်သည့်နည်းလည်း ရှိပါသည်။
တကယ်တော့ Botox ဆိုသည်မှာ ဘက်တီးရီးယားမှ တဆင့် ရရှိသော အဆိပ်တစ်မျိုးဖြစ်ပါသည်။ လူ၏ ကြွက်သားများကို ပျော့စေပါသည်။ ထိုအဆိပ်ကို မိမိအသားအရေတင်းလိုသော နေရာသို့ ထိုးသွင်းရသည်။ နဖူး နှင့် မျက်စိ ၀န်းကျင်နေရာများသည် ကြွက်သားများ အလုပ်လုပ်လွန်သောကြောင့် အသားတွန့်ရသည်။ ထို့ကြောင့် ထိုနေရာများကို အဆိပ်ထိုးထားပါက ကြွက်သားများ လျော့သွားပြီး အသားက ချောသွားသလို ဖြစ်သွားလေသည်။ ထိုဆေးသည် အရေပြားထဲတွင် ၃ လခန့်သာ ခံသောကြောင့် ထပ်ခါထပ်ခါထိုးရန် လိုအပ်ပါသည်။ Face Lift ကို ဆေးပညာအရ rhytidectomy ဟု ခေါ်ပါသည်။ မိမိ၏ မျက်နှာ အပေါ်ယံအရေပြားကို ဆွဲခွာလိုက်ပြီးနောက် မလိုသည်များကို ဖယ်၊ လိုချင်တာကို နည်းမျိုးစုံဖြင့် ပုံပြန်သွင်းပြီး မျက်နှာကို နုပျိုသကဲ့သို့ ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်ပါသည်။
တစ်ခါခွဲပြီးပါက ၅ နှစ်မှ ၁၀ အထိ ခံပါသည်။ ခွဲပြီးပါက မျက်နှာသည် ခွဲစိတ်သည့်ဒဏ်ကြောင့် ဖူးယောင်နေတတ်ပြီး ရက်သတပတ် အနည်းငယ်ကြာမှ နဂိုအတိုင်း ပြန်ဖြစ်လာမည် ဖြစ်သည်။ အသားအရေတွန့်ခြင်းကို ကာကွယ်ခြင်း အသက်တွေ ကြီးမလာအောင် ကျွန်တော်တို့ လုပ်လို့ မရသေးပါ။ လူတိုင်းလူတိုင်းတော့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသားအရေတွန့်မည်သာဖြစ်သည်။ သို့သော် အောက်ပါ အချက်များကို လိုက်နာခြင်းဖြင့် အချိန်မတန်မီ အသားအရေတွန့်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။
အရေပြားနှင့် နေရောင်ခြည် - အရေပြားသည် နေရောင်ဖြင့် ထိတွေ့ချိန်ကြာလေလေ ပျက်စီးလေဖြစ်သည်။ ထို့ကြောင့် နေပူထဲသို့သွားပါက ဦးထုတ်၊ ထီး နှင့် နေလောင်ဒဏ်ကို ကာကွယ်ပေးသော လိမ်ဆေးများကို လိမ်းသင့်သည်။ သို့သော် ပုံမှန် အသားအရေရှိသော မြန်မာလူမျိုးများအတွက် မဆိုလိုပါ။ အလွန်အမင်းအသားဖြူသူများကို ဆိုလိုပါသည်။ Moisturizers - ၎င်းတို့သည် အသားတွန့်ခြင်းကို မကာကွယ်ပေးသော်လည်း သိပ်ပြီး မသိသာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဆေးလိပ်သောက်ခြင်း - လုံးဝ ရှောင်သင့်ပါသည်။ အိပ်ရေ၀ခြင်း - တစ်နေ့ကို အိပ်ချိန် ၇ နာရီ ခန့်ရှိသူများသည် ကိုယ်ပိုင်း စိတ်ပိုင်း ပိုမို ကျန်းမာသလို အရေပြားလည်း ပိုမို နုပျိုသည်ကို တွေ့ရပါသည်။
ထိရောက်စွာကာကွယ်နိုင်ကြပါစေ..

အသားအရေကို အိုမင်းရင့်ရော်စေသော အလေ့အကျင့်ဆိုးများ
သင်ကိုယ်တိုင် သတိမထားမိတဲ့ အလေ့အကျင့်ဆိုး တွေက သင့်ရဲ့ အသားအရေကို ဒုက္ခပေးနိုင်ပါတယ်။ ဒီအလေ့အကျင့်တွေကို မြန်မြန်ရပ်ဆိုင်းပြီး ပြုပြင်နိုင်မှသာ အသားအရေကို တာရှည်လှပ စိုပြေနေစေဖို့ အချိန်မှီပါ လိမ့်မယ်။ ဒါကြောင့် သင့် အသားအရေကို ဒုက္ခပေးတဲ့ အလေ့အကျင့်ဆိုး (၇) ချက်ကို လေ့လာ ကြည့်ကြ ရအောင်နော် ……
(၁)အစားအသောက်မှားယွင်းခြင်း
အသီးအနှံနဲ့ အသီးအရွက်တွေကို မစားပဲ သရေစာ မုန့် တွေစားတာက အသားအရေအတွက် လိုအပ်တဲ့ Vitamin နှင့် အာဟာရဓါတ်တွေကို ဆုံးရှုံးစေပါတယ်။ ကောက်ပဲသီးနှံ၊ နို့ထွက်ပစ္စည်းများ၊ ငါး နဲ့ အစေ့အဆန် တွေကို စားပေးသင့်ပါတယ်။ ဘယ်ရီသီး နဲ့ ဟင်းနုနွယ် တွေဟာ Antioxidant ကြွယ်ဝတဲ့ အတွက် အသားအရေ ပြဿနာ တွေကို ကုစားနိုင်ပါတယ်။ အဆီ၊ အချို နဲ့ အငန်လွန်ကဲတဲ့ အစားအသာက်တွေကို ဘယ်လောက်ပဲ စားချင် စားချင် ထိန်းထိန်းသိမ်းသိမ်း စားပါလို့ အကြံပေးချင်ပါတယ် 

(၂)မျက်နှာမသန့်စင်ပဲ အိပ်ယာဝင်ခြင်း
မျက်နှာပြင်မှာ ပြဿနာအမျိုးမျိုး ဖြစ်တတ်တဲ့သူတွေ အများစုဟာ မျက်နှာကို မသန့်စင်ဘဲ အိပ်ရာဝင်တဲ့ သူတွေပါတဲ့။ ဒီနေ့ခေတ်မှာ အလုပ်တွေများပြီး ပင်ပင်ပန်းပန်းနဲ့ အိပ်ရာထဲမှာ ကျရှုံးသွားတဲ့ သူတွေက များလာပါပြီ။ မျက်နှာမသန့်စင်ဘဲ အိပ်ရာဝင်တတ်တဲ့ အကျင့်က တစ်ပတ်မှာ တစ်ကြိမ် နှစ်ကြိမ်သာ လုပ်မိတယ်ဆိုရင် ပြဿနာ မရှိပေမယ့် ရက်ဆက်တိုက် ဖြစ်လာတဲ့အခါ မွေးညင်းပေါက် ပိတ်တာနဲ့ အသားအရေ ပြဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ မျက်နှာသစ်ဖို့ ပျင်းနေတယ်ဆိုတောင် မျက်နှာကို သန့်စင်ပေးနိုင်တဲ့ မိတ်ကပ်ဖျက်တဲ့ Cotton Pad လေးနဲ့ သန့်စင်ပေးသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်

(၃)အိပ်ချိန်ကို ဂရုမစိုက်ခြင်း
စိတ်ရှုပ်စရာတွေများတဲ့ ဒီခေတ်ကြီးထဲမှာ စိတ်ဖိစည်းမှုတွေကြောင့် အိပ်မပျော်တဲ့ သူတွေကလည်း အရမ်းကို များလာပါတယ်။ Beauty Sleep ဆိုတာ ဒဏ္ဍာရီ မဟုတ်ပါဘူး။ အိပ်ရေးပျက်လိုက်တာနဲ့ ခန္ဒာကိုယ်က ချက်ချင်းကို သိသာပြီး Stress Hormone ကိုထုတ်လုပ်ပါတယ်။ အသားအရေက လိုအပ်တဲ့ အိပ်စက်နားနေမှုကို မရရှိတဲ့အခါ လန်းဆန်းမှုမရှိပဲ မျက်ကွင်းညိုခြင်း နှင့် အဖုအပိန့်ထွက်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာပါတယ်။ အိပ်စက်ချိန်ကို အနည်းဆုံး တစ်နေ့ကို (၇)နာရီလောက် ယူသင့်ပြီး နေ့ခင်းဘက်မှာလည်း ကွန်ပျူတာကို ခဏပိတ်ထားတာဟာ မျက်လုံးကို အနားပေးတာမျိုး လုပ်သင့်ပါတယ်။ အိပ်ရာဝင်တဲ့ အချိန်မှာ ဘာကိုမှ မတွေးပဲ စိတ်အေးအေးချမ်းချမ်း ထားပြီး အိပ်ပျော်အောင် ကြိုးစားသင့်ပါတယ်လို့ အကြံပေးချင်ပါတယ် 

(၄)မျက်နှာကို ပြင်းပြင်းထန်ထန် သန့်စင်ခြင်း
တချို့တွေကျပြန်တော့လည်း မျက်နှာသန့်စင်တဲ့ ပစ္စည်းတွေကို အများအပြား သုံးတတ်ကြပါတယ်။ ဥပမာ။ ။ Scrub တွေနဲ့ မျက်နှာ ဂျီးချွတ်တဲ့ ပစ္စည်းတွေပါ။ မျက်နှာကို လိုအပ်တာထက်ပိုပြီး ပြင်းပြင်းထန်ထန် သန့်စင်ရင် မျက်နှာ အသားအရေကို ထိခိုက်နိုင်ကာ ရေဓါတ်ကုန်ဆုံးပြီး Cells တွေလည်း ပျက်စီးနိုင်ပါတယ်။ သင်ဟာ ပုံမှန် အသားအရေရှိသူ ဆိုရင် မျက်နှာက Cells သေတွေ ဖယ်ရှားတာမျိုးကို တစ်ပါတ်မှာ တစ်ကြိမ်လောက် ပြုလုပ်ပေးရင် လုံလောက်ပါတယ်။ အဆီပြန်တဲ့ အသားအရေရှိသူ ဆိုရင် မျက်နှာက Cells သေတွေ ဖယ်ရှားတာမျိုးကို တစ်ပါတ်မှာ နှစ်ကြိမ်လောက် ပြုလုပ်ပေးရင် လုံလောက်ပါတယ်။ ခြောက်သွေ့တဲ့ အသားအရေ ရှိသူနဲ့ ထိခိုက်လွယ်တဲ့ အသားအရေရှိသူ ဆိုရင် မျက်နှာက Cells သေတွေ ဖယ်ရှားတာမျိုး ကိုတော့ တစ်လမှာ နှစ်ကြိမ်လောက် ပြုလုပ်ပေးပါ။ ဘယ်လောက်တန်ဖိုးကြီးတဲ့ Product ပဲဖြစ်ဖြစ် ကိုယ်သုံးလိုက်တဲ့အခါ အသားအရေကို လောင်စေတယ်၊ ယားယံစေတယ် ဆိုရင် မြန်မြန်ရေဆေးချသင့်ပြီး သုံးစွဲဖို့ သင့်၊ မသင့် စဉ်းစားရပါမယ်လို့ အကြံပေးချင်ပါတယ် 

(၅)ဆေးလိပ်သောက်ခြင်း
မျက်နှာပေါ်က အရေးအကြောင်းတွေက ဆေးလိပ်သောက်လို့ ဖြစ်ပေါ်လာတာဖြစ်ပြီး ရှိရင်းစွဲ အသက်ထက် ပိုပြီးရင့်ရော်တယ်လို့ ထင်ရစေပါတယ်။ ဆေးလိပ်သောက်သူရဲ့ အသားအရေဟာ ညစ်နွမ်းပြီး ၀င်းပမှု မရှိတာကို တွေ့ရမှာပါ။ ဆေးလိပ်ထဲမှာ ပါဝင်တဲ့ ဆေးရွက်ကြီးရဲ့ အဆိပ်အတောက် တွေက သွေးကြောထဲ စီးဝင်ပြီး Cells တွေဆီကို ရောက်သွားတဲ့ အတွက် အသားအရေ ပျက်စီးစေပါတယ်။ ဒါကြောင့် ဆေးလိပ်ကို စောစော ကတည်းက ဖြတ်ထားသင့်ပါတယ်လို့ အကြံပေးချင်ပါတယ် 

(၆)ကိုယ်အလေးချိန် အတက်အကျမြန်ခြင်း
ခန္ဒာကိုယ်အလေးချိန် အတက်အကျ မြန်ခြင်းက အသားအရေရဲ့ ကြွက်သားမျှင်တွေကို အားနည်းစေပါတယ်။ ၀ိတ်ချမယ် ဆိုရင်လည်း တစ်ပါတ်မှာ အလွန်ဆုံး (၂)ပေါင်ထက် ပိုမချသင့်ပါဘူး။ မြန်မြန်ဝိတ်ချခြင်းကြောင့် ၀ိတ်ပြန်တက်တာလဲ မြန်ပြီး အသားအရေပေါ်မှာ အကြောပြတ်ရာတွေ ဖြစ်ပေါ်စေပါတယ်။ အရွယ်ကျတာမြန်ပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ ဖြေးဖြေးမှန်မှန် ၀ိတ်ချခြင်းက အသားအရေကို ထိခိုက်မှု မရှိစေပါဘူး။ ဒါ့ပြင် အသားအရေကို တင်းရင်းစေတဲ့ Skin Firming Lotion တွေ လိမ်းသင့်ပါတယ်လို့ အကြံပေးချင်ပါတယ် 

(၇)စိတ်ပျော်ရွှင်မှု မရှိခြင်း
စိတ်ပင်ပန်းမှုတွေက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ Stress က ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ နေရောင်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ စွမ်းအားလျော့ကျ စေတယ်လို့ ဆိုပါတယ်။ အဲ့ဒီအတွက် စိတ်ကို ပေါ့ပါး ပျော်ရွှင်အောင် ထားပေးပါ။ သူငယ်ချင်းတွေနဲ့ တစ်ပါတ်မှာ တစ်ရက်လောက် အချိန်ဖြုံးပေးခြင်းက စိတ်ဖိစည်းမှုကို လျော့ကျစေပြီး လူကိုလည်း နုပျိုတက်ကြွစေပါတယ်။ ဒီလိုမျိုး အချိန်ဖြုံးခြင်းကို အခွင့်အရေးရမှ ဆိုတာမျိုးမဟုတ်ပဲ အရေးကြီးတဲ့ အလုပ်ကိစ္စ တစ်ခုလိုမျိုး အချိန် ပေးသင့်ပါတယ်။ ဒီလို ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုံးခြင်းက စိတ်ပျို ကိုယ်နု စေတဲ့ အတွက် အသားအရေကို အကျိုးသက်ရောက် စေတာက အသေအချာပါပဲလို့ အကြံပေးချင်ပါတယ်...

Twitter Delicious Facebook Digg Stumbleupon Favorites More