Pages - Menu

29 Nov 2012

ပုံစံမကျသော နေထိုင် ပြောင်းလဲမှုနှင့် စောင့်ကြိုနေသော ရောဂါများ

မြန်မာလူထုအတွင်း ပြောင်းလဲလာသည့် နေထိုင် စားသောက်မှု ပုံစံများမှ ဖြစ်ပွားသော ကူးစက်ခြင်းကြောင့် မဟုတ်သည့် ရောဂါများ ဖြစ်ပွားမှု ပိုမိုများပြားလာကာ နောက်နှစ် အနည်းငယ်အတွင်း ထိုကဲ့သို့သော ရောဂါများကြောင့် အသက်ဆုံးရှုံးမှုမှာလည်း အများဆုံး ဖြစ်လာနိုင်ကြောင်း ကျန်းမာရေး ပညာရှင်များက သုံးသပ် ပြောကြားသည်။

 ကျန်းမာရေးနှင့် မညီညွတ်သော လူနေမှုပုံစံများကြောင့် အသက် ကြီးလာသည့်အခါ ရောဂါများ ခံစားရပြီး စိတ်မချမ်းသာစွာ နေထိုင်ရမှုမှ ကင်းဝေးစေရန် ငယ်ရွယ်စဉ်ကပင် ဂရုပြုနေထိုင်ပါက ထိုနာတာရှည် ခံစားရသည့် ရောဂါများအား အထိုက်အလျောက် ကာကွယ်နိုင်မည် ဖြစ်ကြောင်း သက်ကြီးဆရာဝန်များ စင်တာတွင် ပြုလုပ်သည့် သက်ကြီးများနှင့် လူနေမှုဘဝဆိုင်ရာ ရောဂါများ ဟောပြောပွဲ၌ ပါမောက္ခနေဝင်းက ပြောသည်။

 သက်ကြီးရွယ်အိုနှင့် ဖြစ်ပွားမှု များပြားပြီး ဂရုပြုသင့်သည့် နေထိုင်စားသောက်မှုမှ တစ်ဆင့် အခြေတည်ဖြစ်သော ကူးစက် မဟုတ်သည့် နာတာရှည် ရောဂါများလည်း ရှိသည်။

သက်ကြီးရွယ်အိုနှင့် အဝလွန်ခြင်း


အသက်ကြီးလာသည့်အခါ ခန္ဓာကိုယ်အတွင်းမှ ကြွက်သားများ ကျုံ့သွားသည့်အတွက် ထိုကျုံ့သွားသည့် ကြွက်သားနေရာတွင် အဆီများ စုပုံလာခြင်းကြောင့် ပုံမှန်အားဖြင့် ဝလာလေ့ ရှိသည်။ အဝလွန်လာခြင်းမှာ ကျန်းမာရေးအရ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း အများသိရှိပြီး ဖြစ်သော်လည်း ဝမ်းဗိုက်တွင် အဆီစုပြီး ဝသူများမှာ ဆိုးကျိုးများ ပိုမို ဖြစ်ပေါ်လေ့ ရှိသည်။

 သွေးတွင်း အဆီများသည် ဝမ်းဗိုက်နံရံနှင့် ဝမ်းဗိုက် အတွင်းကလီစာများတွင် စုပုံနေသည့်အတွက် ဗိုက်ပူလာပြီး ထိုနေရာရှိ အဆီများသည် အခြား နေရာများရှိ အဆီများနှင့် မတူညီဘဲ အန္တရာယ်ရှိသော ပစ္စည်းများ ထုတ်သည့်အတွက် နောက်ဆက်တွဲ ရောဂါများလည်း ဆက်လက် ဖြစ်လာနိုင်သည်။

အဝလွန်ခြင်းကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ရောဂါများ အပြင် အခြားရောဂါများလည်း ဆက်စပ် ဖြစ်ပွားလာနိုင်ကြောင်း ဆရာဝန်များက ပြောသည်။


သက်ကြီးရွယ်အိုနှင့် သွေးတိုးရောဂါ


အသက်ကြီးလေလေ သွေးတိုးရောဂါ ဖြစ်ပွားလာနိုင်လေ ဖြစ်ပြီး အသက် ၆၀ ကျော်လာလျှင် လူနှစ်ဦးတွင် တစ်ဦး သွေးတိုးရောဂါ ဖြစ်ပွားနေသည်။ သွေးတိုးပုံသည် အသက်အရွယ်အလိုက် ပြောင်းလဲပြီး ထိရောက်သော ကုသမှုမရှိပါက နောက်ဆက်တွဲ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါများကိုပါ ဖြစ်ပွားပြီး အသက်ပါ ဆုံးရှုံးစေသည့် ရောဂါတစ်ခုလည်း ဖြစ်သည်။


သက်ကြီးရွယ်အိုနှင့် သွေးချိုရောဂါ

ဖြစ်ပွားမှုများပြီး နောက်ဆက်တွဲ ရောဂါအမျိုးမျိုးဖြင့် အန္တရာယ်ပေးသည့် ရောဂါတစ်မျိုးလည်း ဖြစ်သည်။ အသက်ကြီးလေ သွေးချိုဖြစ်ရန် အခွင့်အရေး ပိုမို များပြားလေဖြစ်ပြီး အသက် ၆၅ နှစ် ကျော်သည့် သက်ကြီးရွယ်အို ဆယ်ဦးတွင် တစ်ဦး ဖြစ်ပွားနေကြောင်း ဒေါက်တာနေဝင်းက ပြောသည်။
 ခန္ဓာကိုယ်အတွင်း ပန်ကရိယမှ ထုတ်လုပ်ပေးသည့် အင်ဆူလင်ဟော်မုန်းသည် စားသုံးလိုက်သည့် အချိုဓာတ်များအား ဆဲလ်များ အတွင်းသို့ ပို့ဆောင်ပေးသည်။

အသက်ကြီးလာသည့်အခါ ပန်ကရိယမှ အလုပ်ကောင်းကောင်း မလုပ်နိုင်သည့်အခါ အင်ဆူလင် ထုတ်လုပ်ပေးနိုင်မှု မရှိခြင်း၊ ထုတ်လုပ်သည့် အင်ဆူလင် ဟော်မုန်းအားလည်း ဆဲလ်များမှ မတုံ့ပြန်ခြင်းတို့ကြောင့် အချိုဓာတ်များ ဆဲလ်အတွင်းသို့ မဝင်ရောက်တော့ဘဲ သွေးအတွင်းစုနေရာမှ သွေးချိုရောဂါ ဖြစ်ပွားလာသည်။

 သွေးချိုရောဂါ ဖြစ်ပွားသည့်အခါ သွေးချိုနှင့်အတူ သွေးတိုးရောဂါ၊ ကျောက်ကပ် ပျက်စီးခြင်း၊ အာရုံကြော ပျက်စီးခြင်းနှင့် နှလုံးနှင့် ပတ်သက်သည့် ရောဂါများ အစုအဝေး ဆက်လက်ဖြစ်ပွားသည့် ရောဂါလည်း ဖြစ်ကြောင်း သိရသည်။
 
“မဝင်ခင်မှာ ကာကွယ်တာလောက် ထိရောက်တာ မရှိဘူး။
 ဝင်ပြီးရင်တော့ တားဖို့ မစဉ်းစားနေတော့နဲ့။
 နောက်မှာ ရောဂါတွေက တန်းစီပြီး စောင့်နေတယ်။ ရှေ့ပိုင်း ရောဂါ မဝင်ခင် အချိန်လေး ပေးထားတုန်းမှာ အင်တိုက်အားတိုက်နဲ့ ကုသသင့်တယ်။ ပေါ့ပေါ့လေး နေခဲ့ရင် နောက်ပိုင်းမှာ ရောဂါပေါင်း သောင်းခြောက်ထောင်နဲ့ ကုလို့ကို မဆုံးနိုင်တော့မယ့် ရောဂါမျိုးပါ” ဟု ဒေါက်တာနေဝင်းက ပြောသည်။

 သွေးတိုးရောဂါနှင့် သွေးချိုရောဂါသည် ပူးတွဲ ဖြစ်ပွားလေ့ရှိပြီး သွေးတိုးရောဂါ ရှိသူသည် လေဖြတ်ရန်နှင့် နှလုံးသွေးကြောပိတ်ရန် သာမန်လူထက် သုံးဆ ပိုမိုအခွင့်အရေး ရှိပြီး သွေးချိုရောဂါရှိသူသည် နှစ်ဆ ပိုမို အခွင့်အရေးများသည်။ ထိုရောဂါ နှစ်ခုစလုံးရှိသူသည် လေဖြတ်ရန်နှင့် နှလုံးသွေးကြောပိတ်ရန် သာမန်လူထက် ဆယ်ဆ ပိုမိုများပြားကြောင်း သိရသည်။

လူတိုင်း သွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်ပြီး ခန္ဓာကိုယ် ဝဖြိုးပြီး ကိုယ်လက်လှုပ်ရှားမှု နည်းသူများ၊ နီးစပ်ရာ ဆွေမျိုးများတွင် သွေးချိုရောဂါ ရှိသူများ၊ သွေးတိုးနှင့် သွေးတွင်းအဆီ များသူများ၊ အသက် ၄၅ နှစ် ကျော်သူများ ပိုမို ဂရုပြု စစ်ဆေးသင့်သည်။


သက်ကြီးရွယ်အိုနှင့် သွေးတွင်းအဆီ


သွေးတွင်း အဆီအကြောင်း လူသိနည်းသော်လည်း အစားအသောက် အနေအထိုင် လှုပ်ရှားမှုပုံစံများအား အခြေတည်ပြီး ဖြစ်ပွားသည့် ရောဂါဖြစ်သည်။ လေဖြတ်နိုင်သည့် အမျိုးမျိုးသော အကြောင်းအရင်းများတွင် အန္တရာယ် အရှိဆုံးလည်း ဖြစ်သည်။ သွေးတွင်း အဆီပမာဏကို သိရှိနိုင်ရန် တိုင်းတာ စစ်ဆေးခြင်းဖြင့် သွေးတွင်း အဆီများခြင်းကြောင့် ဖြစ်ပွားလာမည့် ရောဂါများအား ကာကွယ် ကုသနိုင်ကြောင်း သိရသည်။

အဝလွန်ရောဂါ၊ သွေးတိုး၊ သွေးချို၊ သွေးတွင်းအဆီများ ရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊

 လေဖြတ်ခြင်း၊ ကင်ဆာရောဂါ စသည်တို့သည် စားသောက်မှုပုံစံ၊ အားကစား၊ ကိုယ်လက်လှုပ်ရှားမှု နည်းသည့် ကျန်းမာရေးနှင့် မညီညွတ်သော လူနေမှုပုံစံများမှ အစပြုလာခြင်းဖြစ်ပြီး အသက်ကြီးလာသည့်အခါ ရောဂါများအား စုပြုံခံစားလာရသည်။

 “ဒီလောက် ဒုက္ခပေးတဲ့ရောဂါတွေကို ကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံပါပဲ” ဟု ဒေါက်တာနေဝင်းက ပြောသည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် ပုံစံ ဆိုသည်မှာလည်း လူအများသိရှိပြီး လိုက်နာမှုသာ အားနည်းနေသေးသည့် အပြုအမူများ ဖြစ်သော ဆေးလိပ်၊ အရက် ရှောင်ကြဉ်ခြင်း၊ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အစားအသောက်များအား ဂရုပြု စားသုံးခြင်းများသာ ဖြစ်သည်။
ငယ်ရွယ်သည့် အချိန်တွင် ကောင်းမွန်စွာ နေထိုင်စားသောက်သည့် အလေ့အကျင့်ဖြင့် အသက်ရှည်ပြီး ကျန်းမာသော သက်ကြီးအချိန်ကို တည်ဆောက်နိုင်ကြောင်း ဒေါက်တာနေဝင်းက ပြောသည်။


ဝတ်ရည်အောင်


By 7Day News

Twitter Delicious Facebook Digg Stumbleupon Favorites More