Pages - Menu

9 Nov 2012

မာလာဟင်း

မာလာဟင်းရယ်လို့ ခေတ်စားနေတဲ့ အသီးအရွက်သုပ် တစ်မျိုး ဖြစ်ပါတယ်။ မာလာဟင်းလုပ်ဖို့အတွက် ဘယ်လိုအသီးအရွက်ကို လုပ်ရမယ်လို့ ကန့်သတ်ချက်မရှိဘဲ မိမိ စားချင်တဲ့ အသီးအရွက်နဲ့ ပြုလုပ်ကြပါတယ်..
 မာလာဟင်းရောင်းတဲ့ ဆိုင်တွေ တော်တော်များများမှာတော့ အသီးအရွက်စုံကို ပြင်ဆင်ထားပေးပြီး မိမိကြိုက်ရာ အသီးအရွက်ကို လက်ညိုးထိုး ထည့်ခိုင်းလို့ရပါတယ်..
 မချဉ်၊ မစပ်၊ မခါးတဲ့အသီးအရွက် ဘယ်ဟာမဆို စိတ်ကူးရှိသလို မာလာဟင်းအဖြစ် ထည့်လို့ဖြစ်ပါတယ်..


မာလာဟင်းဆိုင်တွေမှာ ပြင်ဆင်ထားတဲ့ အသီးအရွက်နဲ့ အသားတစ်ချို့ပါ။ ကြိုက်တာကို ရွေးထည့်လို့ရပါတယ်. ကြာဆန်၊ ပဲပြား၊ မှိုခြောက်ပန်းခြောက်၊ ၀ဥ စသဖြင့် စုံလင်လှပါတယ်



နှစ်သက်ရာ အသီးအရွက်တွေကို ပြုတ်ပါတယ်.. ကြက်အူချောင်း၊ မှို၊ ဥနီ၊ မုန်ညင်းဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ မာလာခေါက်ဆွဲ၊ စမုန်စပါး၊ ကျို့ဆိုင်ရွက်၊ သခွားသီး၊ အာလူး၊ ကြာစွယ်၊ အော်ဆွန်း



ပြုတ်ပြီး အသီးအရွက်များ ( အဓိကက အသီးအရွက်များကို ပျော့အိအောင် မပြုတ်ရပါ။ ခပ်ဆတ်ဆတ်လေးဖြစ်ရင်ချလို့ရပါပြီ)



ငရုပ်သီးကြမ်းမှုန့်ကိုကြော်၊ မြေပဲဆန်၊ နှမ်း၊ ချောက်ကောပါးကော၊ တရုတ်ငရုပ်ကောင်းမှုန့်တို့နဲ့ ရောမွှေထားပါတယ်..



ကြက်သွန်မြိတ် နံနံ တို့ကို အဆင်သင့်ပြင်ထားပါတယ်..



တိုကျန် ခေါ် ပဲငပိပါ။



တိုကျန် မရနိုင်ပါက ပုံထဲက မာလာအနှစ်ထုပ်ကို သုံးနိုင်ပါတယ်.



အိုးထဲဆီအနည်းငယ်ထည့်၊ ဆီပူလာရင် မာလာအနှစ် သို့မဟုတ် တိုကျန် အနည်းငယ်ထည့်ပါမယ်..






ကော်မှုန့်ကို အရည်ဖျော်ပြီး အနည်းငယ် ပျစ်အောင်မွှေပေးပါမယ်.. အရည်ကို အသားပြုတ်ရည် (သို့မဟုတ်) ရိုးရိုး ရေကို သုံးနိုင်ပါတယ်။


အသီးအရွက်ပြုတ်ထားတဲ့အထဲကို အစောက ငရုပ်သီး၊ မြေပဲ၊နှမ်း၊ ချောက်ကောပါကော၊ တိုကျန်နဲ့၊ ကော်မှုန့်ရည်တို့ကိုထည့်ပြီး ဆား ၊ ဟင်းခတ်မှုန့်၊ နံနံ၊ကြက်သွန်မြိတ် တို့ထည့်ကာ ရောမွှေပေးပါ။
 ငုံးဥ ကြိုက်ရင် သီးသန့်ပြုတ်ပြီး ထည့်နိုင်ပါတယ်.. ကျွန်မက မာလာဟင်းကို ဆီတွေများပြီး အရောင် နီရဲနေတာမျိုးကို မကြိုက်တဲ့ အတွက် ဆီ နည်းနည်းနဲ့သာ ငရုပ်သီးတွေကို ကြော်ထားပါတယ်။ 
အဆာပလာအားလုံးထည့်ပြီး တူနဲ့ နာနာမွှေပါတယ်.. ဆားအပေါ့အငံမြည်းလို့ အနေတော်ပြီဆို စေးစေးပိုင်ပိုင်နဲ့ ဆီလည်း မများလှတဲ့ မာလာဟင်းတစ်ခွက် ရပါပြီ။

အသီးအရွက်စုံတဲ့ မာလာဟင်းတစ်ခွက် ရပါပြီ။





နောက်တစ်ပွဲ စားနိုင်ပါတယ်..
သီးစုံ ကြက်လီမွန်နဲ့ မာလာဟင်းက ဒီတစ်ပတ် ပိတ်ရက်အတွက် အချက်အပြုတ် ၀ါသနာပါသူများ လုပ်စားနိုင်ဖို့ လက်ဆောင်ပါနော်... အားလုံးဘဲ စားကောင်းသောက်ဖွယ်များဖြင့် စိတ်ချမ်းမြေ့ကြပါစေရှင်.

Twitter Delicious Facebook Digg Stumbleupon Favorites More