Pages - Menu

12 Sept 2013

ခန္ဓာကိုယ်အတွက် အမျှင်ဓာတ်၏ စွမ်းပကား

အမျှင်ဓာတ်ကို သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ ပဲသီးပဲတောင့်
စတာတွေကနေ သဘာဝအတိုင်း ရရှိနိုင်ပါတယ်။  သင်စားတဲ့ အစားအစာထဲမှာ
အမျှင်ဓာတ် ပါဝင်တာက သွေးတွင်းကိုလက်စထရောကို လျှော့ချပေးပြီး
ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားပမာဏကို
မြင့်မားစေတာကြောင့် မကြာခဏ အစာစားချင်စိတ် မဖြစ်ပေါ်တော့ဘဲ
ပြည့်ဝနေစေပါတယ်။ အမျှင်ဓာတ်ကို အစာအိမ်ထဲမှာ မချေဖျက်ဘဲ
အူမကြီးဆီရောက်မှ အူမကြီးရဲ့ ပုံမှန်လှုပ်ရှားမှုနဲ့ ချေဖျက်ပါတယ်။

အမျှင်ဓာတ် အမျိုးအစားများ
ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေမှာ ပျော်ဝင်စေတဲ့ အမျှင်ဓာတ်နဲ့
မပျော်ဝင်တဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ပျော်ဝင်စေတဲ့ အမျှင်ဓာတ်ကို
အုတ်ဂျုံ၊ အစေ့အဆန်၊ ပဲနွယ်ပဲညွန့်၊ သစ်သီးတချို့ စတာတွေကနေ
ရရှိနိုင်ပြီး အစာချေဖျက်မှုကို နှေးကွေးစေပါတယ်။ မပျော်ဝင်တဲ့
အမျှင်ဓာတ်ကိုတော့ ကောက်နှံတစ်ခုလုံး၊ ပဲစိမ်း၊ ခရမ်းချဉ်သီး၊ အစေ့အဆန်၊
သစ်သီးဖျော်ရည်တွေကနေ ရရှိနိုင်ပြီး အစာချေဖျက်မှုကို မြန်စေပါတယ်။

အမျှင်ဓာတ်လိုအပ်မှု
လူတစ်ယောက်ချင်းစီအတွက် အမျှင်ဓာတ်လိုအပ်မှုက အသက်အရွယ်၊ ကျား၊ မနဲ့
တစ်နေ့ကို အစာဘယ်လောက် စားလည်းပေါ် မူတည်ပါတယ်။ သာမန်အနေနဲ့ အသက် ၁၉ နှစ်-
၅၀ နှစ်အတွင်း အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်
အနည်းဆုံး ပါဝင်အောင် စားသင့်ပြီး အမျိုးသားတွေ အနေနဲ့ကတော့ တစ်နေ့ကို ၃၈
ဂရမ်လောက် စားသင့်ပါတယ်။ အသက်ကြီးသူတွေ အနေနဲ့ ဒီပမာဏထက် အနည်းငယ်
နည်းစားဖို့ လိုအပ်ပါတယ်။ အသက် ၅၀ နှစ်ကျော် အမျိုးသမီးတွေအနေနဲ့
တစ်နေ့ကို အမျှင်ဓာတ် ၂၁ ဂရမ် လိုအပ်ပြီး အမျိုးသားတွေ အနေနဲ့ကတော့ ၃၀
ဂရမ် လိုအပ်ပါတယ်။

ဖြည့်စွက်ခြင်း
တစ်နေ့တာအတွက် လိုအပ်တဲ့ အမျှင်ဓာတ်ကို ခန္ဓာကိုယ်က ရရှိအောင် သဘာဝအတိုင်း
ရရှိနိုင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးပါ။
ကောက်နှံတစ်ခုလုံးက ခန္ဓာကိုယ်အတွက် အမျှင်ဓာတ် ရရှိစေတဲ့ အဓိက
အရင်းအမြစ်ပါ။ အစားအစာတွေကနေ အမျှင်ဓာတ်ကို လုံလောက်စွာ မရရှိပါက သဘာဝ
အသီးအရွက်တွေကနေ ထုတ်လုပ်ထားတဲ့ အမျှင်ဓာတ်ကို ဖြည့်စွက်
မှီဝဲနိုင်ပါတယ်။

အခြားဆေးများနှင့် ဓာတ်ပြုမှု
အမျှင်ဓာတ်က ခန္ဓာကိုယ်တွင်းမှာ တခြားဆေးဝါးတွေရဲ့ စုပ်ယူမှုကို
အနှောင့်အယှက် ဖြစ်စေပါတယ်။ အက်စပရင်၊ ဝါဖရင်နဲ့ ကာဗာမဇီပင်းဆေးတွေရဲ့
စုပ်ယူမှုကို ဟန့်တားပါတယ်။ သင်ဟာ ဆီးချိုသွေးချို ရောဂါရှိတာကြောင့်
အင်ဆူလင်ဆေး သုံးစွဲနေရပါက အင်ဆူလင်ဆေး ပမာဏကို ညှိဖို့လိုပါတယ်။
အမျှင်ဓာတ်က ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို မြင့်မားစေတာကြောင့်ပါ။

ဘေးထွက်ဆိုးကျိုး
သင်က အမျှင်ဓာတ်များစွာ ပါဝင်တဲ့ အစားအစာတွေကို အစားများတာ၊ ဒါမှမဟုတ်
ဖြည့်စွက်သောက်သုံးတာ များသွားပါက ဗိုက်ထဲမှာ လေပွပြီး ဗိုက်နာတာ၊
ဝမ်းသွားတာတွေ ဖြစ်တတ်ပါတယ်။ နည်းနည်းနဲ့ မကြာခဏ စားပေးပါက အူလမ်းကြောင်း
တစ်လျှောက်မှာရှိတဲ့ ဘက်တီးရီးယားတွေက ထိန်းညှိ ပေးသွားပါတယ်။
ဝမ်းချုပ်တာ မကြာခဏ ဖြစ်ပေါ်နေတာက သင့်ခန္ဓာကိုယ်က အမျှင်ဓာတ်
လိုအပ်ကြောင်း ပြသနေတာပါ။ တစ်နေ့တာ အတွက် အမျှင်ဓာတ်ကို များစွာ
စားသုံးတယ် ဆိုရင်တောင် ရေဓာတ် လိုအပ်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့
အမျှင်ဓာတ်က အူလမ်းကြောင်း တစ်လျှောက် ဖြတ်သန်းဖို့အတွက် ရေလိုအပ်လို့ပါ။
 အမျှင်ဓာတ်ကို စားသုံးတဲ့အခါ ကြေညက်အောင် ဝါးစားဖို့လည်း လိုအပ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အမျှင်ဓာတ်တွေက အစာချေဖျက်မှု ခက်ခဲတာကြောင့်ပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More