ဝါကျွတ်ကာလ ရောက်ပြီမို့ မင်္ဂလာ ဆောင်မယ့်သူတွေ ဝမ်းသာနေကြ သလို
အကြောင်းကြောင့် ကလေး မရနိုင်တဲ့သူ တွေဟာလည်း စိတ်မချမ်းမသာ ဖြစ်နေကြရမှာ
အမှန်ပါပဲ။ ကလေးရရှိဖို့အတွက်လည်း ဖန်ပြွန် သန္ဓေသားနည်း အပါအဝင်
နည်းမျိုးစုံနဲ့ ကြိုးစား နေတယ်လို့ သိရပါတယ်။ ဖန်ပြွန် သန္ဓေသားနည်းနဲ့
ကလေး ရရှိအောင် မပြုလုပ်ခင်မှာ သဘာဝအတိုင်း ကလေးရရှိဖို့ ကြိုးစား
နိုင်အောင် နည်းလမ်း ကောင်းလေး တွေကို
ဖော်ပြ ပေးလိုက်ပါတယ်။ ကလေး လိုချင်တဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ အတူတူ
နေကြပေမယ့် တစ်နှစ်အတွင်း ကလေး မရရှိနိုင်ခဲ့ရင် မျိုးမအောင်ဘူးလို့
သတ်မှတ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ရှိတဲ့ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဟာ
မျိုးမအောင်ဘူးလို့ သိရပါတယ်။ သဘာဝ နည်းအတိုင်း ကိုယ်ဝန် ရရှိနိုင်ဖို့
လင်မယား နှစ်ဦး စလုံးမှာ တာဝန်ရှိပြီး အောက်ပါ အချက်တွေနဲ့ ကိုက်ညီဖို့
လိုပါတယ်။
(က) ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း
ကလေး
ရရှိနိုင်ဖို့ မိမိမှာ ရှိတဲ့ ရောဂါရဲ့ အခြေအနေ တွေနဲ့ မိမိ အသုံးပြုနေတဲ့
ဆေးဝါး တွေပေါ်မှာ နားလည်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေသေချာချာ
စစ်ဆေးမှု ပြုလုပ် ရပါမယ်။
(ခ) မမျိုးဥကြွေချိန်ကို သိရှိခြင်း
သဘာဝ နည်းလမ်းအတိုင်း ကိုယ်ဝန်ရရှိနိုင်ဖို့ အမျိုးသမီး တစ်ယောက် အနေနဲ့
ဓမ္မတာ စက်ဝန်း အကြောင်းကို နားလည်ပြီး မျိုးဥကြွေတဲ့ အချိန်ကို သိရှိဖို့
အလွန် အရေးကြီးပါတယ်။ မမျိုးဥ ကြွေတာဟာ ပုံမှန်အားဖြင့် ဓမ္မတာ စတင်
ပေါ်ပေါက်တဲ့ ပထမနေ့ရက်မှ ရေတွက် မယ်ဆိုရင် ၁၄ရက် မြောက်နေ့မှာ
ဖြစ်လေ့ရှိတာမို့ ဇနီးမောင်နှံ အနေနဲ့ ဓမ္မတာ စတင် ပေါ်ပေါက်တဲ့နေ့မှ
ရေတွက်ရင် ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ကြားမှာ လိင် ဆက်ဆံမှု ပြုလုပ်ရင်
သဘာဝအတိုင်း ကလေးရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ အမျိုးသမီးတွေရဲ့
ဓမ္မတာစက် ဝန်းဟာ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနား တတ်တာမို့
မမျိုးဥကြွေချိန်ကို တိတိကျကျ တွက်ချက်နိုင်ဖို့ မမျိုးဥ ကြွေချိန်မှာ
ဖြစ်ပေါ်တတ်တဲ့ အောက်ပါ လက္ခဏာ တွေကိုလည်း သိထား သင့်ပါတယ်။
၁။
ပြက္ခဒိန်မှာ မိမိဓမ္မတာ စတင်လာတဲ့ နေ့ရက်ကို မှတ်သားထားပါ။ ဒီလို
ပြုလုပ်တာကြောင့် ကလေး ရရှိနိုင်ဖို့ လိင် ဆက်ဆံမှု ပြုလုပ်သင့်တဲ့
အကောင်းဆုံး ရက်ကို ရွေးချယ် နိုင်မှာပါ။
၂။ မိန်းမကိုယ်မှ
ဆင်းလာတဲ့ အဖြူရည်ကို စစ်ဆေးပါ။ မမျိုးဥကြွေချိန်မှာ အဖြူရည်ဟာ
ပျစ်ချွဲချွဲ မဟုတ်ဘဲ အကြည်ရောင် ဖြစ်နေပြီး ပုံမှန်ထက် အဖြူ ပိုဆင်း
တတ်ပါတယ်။
၃။ မိန်းမကိုယ် အတွင်းကို စမ်းသပ် ကြည့်ပါ။
မမျိုးဥကြွေချိန်မှာ သားအိမ် ခေါင်းဝဟာ ပုံမှန်ထက် ပိုပျော့ ပျောင်းပြီး
ကျယ်နေတတ်ပါတယ်။
၎။ ဝမ်းဗိုက် အောက်ပိုင်းမှာ ရုတ်တရက် စူးပြီး
အောင့်တတ်ပါတယ်။ ဝမ်းဗိုက်မှာ စူးပြီး နာကျင်တာ ဒါမှမဟုတ် ဘောင်းဘီမှာ
သွေးအနည်းငယ် စွန်းနေတာဟာ မမျိုးဥကြွေတဲ့ လက္ခဏာပါ။
၅။ ခေါင်းကိုက်တာ၊ လေပွတာ၊ ရင်သား နာကျင်တာ တွေဟာလည်း မမျိုးဥ ကြွေတဲ့ လက္ခဏာ တွေပါ။
(ဂ) Sex အရည်အသွေး ကောင်းမွန်ခြင်း
Sex အရည်အသွေး ကောင်းမွန် တာဟာလည်း ကိုယ်ဝန်ရနိုင်တဲ့ အခွင့်အရေး
ပိုများပါတယ်။ Sex နဲ့လုပ်နေစဉ်မှာ မိန်းမကိုယ်မှ ချောဆီ ဆင်းလာတာဟာလည်း
ကလေးရနိုင်ဖို့ အခြေအနေ ပိုများပါတယ်။ ရောက်အောင် ကူးခပ်ဖို့ အကူအညီ
ပေးနိုင်လို့ပါ။ ဒါကြောင့် စိတ်ကျေနပ်မှု ရအောင် အချိန်ပေးပြီး Sex ကိစ္စ
ပြုလုပ် ရပါမယ်။ ဒါ့အပြင် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို နားလည်ရပါမယ်။
လိင်ဆက်ဆံမှုဟာ ကမ္ဘာ မြေကြီးရဲ့ ဆွဲငင်အား ပြောင်းပြန် အနေအထား (ဥပမာ
အမျိုးသမီးက အပေါ်ရောက်နေတာမျိုး) မပြုလုပ် ရပါဘူး။ အမျိုး သမီးက အိပ်လျက်
အနေအထားဖြစ်ပြီး တင်ပါးအောက်မှာ ခေါင်းအုံး ခုထားတာဟာ သုက်ပိုးတွေ
ခန္ဓာကိုယ်ထဲ ဝင်ရောက် နိုင်တဲ့ အကောင်းဆုံး အနေအထားပါ။
(ဃ) Sex လုပ်အပြီး ခန္ဓာကိုယ် အနေအထား မှန်ကန်အောင် နေခြင်း
သားအိမ်ထဲမှာ ရောက်နှင့်ပြီးသား သုက်ပိုးတွေ အပြင်ကို ပြန်မထွက်သွားဖို့
Sex လုပ်အပြီးမှာ ခန္ဓာကိုယ်ရဲ့ အနေအထား မှန်ကန်ဖို့ဟာလည်း အရေးကြီး ပါတယ်။
လိင်ဆက်ဆံမှု ပြုလုပ်ပြီးပြီးချင်း အိပ်ရာထဲမှာ လဲလျောင်းနေပါ။ ပြုလုပ်ပြီး
မိနစ် ၃၀ အတွင်း အိမ်သာကို မသွားဖို့လည်း အရေးကြီး ပါတယ်။
(င) ကပ်ပယ်အိတ်ကို အေးအောင်ထားခြင်း
ကလေးရနိုင်ဖို့ အမျိုးသား အနေနဲ့လည်း မိမိရဲ့ သုက်ပိုး အရေအတွက်နဲ့
အရည်အသွေး ကောင်းမွန်ဖို့ လိုအပ်ပါ တယ်။အတွင်းခံ ဘောင်းဘီ ကျပ်ကျပ်
ဝတ်မယ့်အစား လေဝင် လေထွက် ကောင်းမွန်နိုင်တဲ့ Boxerဘောင်းဘီ တွေကို
ဝတ်ပေးတာကြောင့် သုက်ပိုးတွေ ပျက်စီးမှု မရှိနိုင်အောင် ကာကွယ်နိုင်ပါတယ်။
အဲဒီ ဘောင်းဘီ တွေဟာ ကပ်ပယ်အိတ် အတွင်း အပူချိန် လွန်ကဲမှု မဖြစ်အောင်
ကာကွယ်နိုင်တဲ့ အတွက် သုက်ပိုးတွေ မပျက်စီးနိုင်လို့ပါ။ ဒါ့အပြင် သုက်ပိုး
အရေအတွက် ပုံမှန်ထွက်ရှိအောင် အမျိုးသား တစ်ယောက်အနေနဲ့ သုံးရက်တစ်ကြိမ်
သုက်လွှတ် သင့်ပါတယ်။
(စ) ကျန်းမာရေးနှင့် ညီညွတ်သော ဘဝ နေထိုင်မှုရှိခြင်း
အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးစလုံး အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝ
နေထိုင်မှု ပုံစံရရှိတာဟာလည်း ကလေး ရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။
ဆေးလိပ် ဖြတ်ပါ။ အရက် မသောက်ပါနဲ့။ အပြည့်အဝ အနားယူပါ။ သကြား၊ ဂျုံဖြူနဲ့
ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုရည်၊ ကဖင်း၊ အယ်လ်ကိုဟော၊ ထပ်ပြန်ကြော်
ဆီတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုမှုန့်၊ ဆိုးဆေးနဲ့ ဆေးသကြားတွေကို
ရှောင်ရပါမယ်။ ဒါ့အပြင် ပဲပိစပ်ထုတ် ကုန်တွေဟာ ဟော်မုန်းညီညွတ်မှုကို
အနှောင့်အယှက်ပေးပြီး သိုင်းရွိုက် အကျိတ်ရဲ့ လုပ်ငန်း ဆောင်တာကို
ချိုးနှိမ်တတ် တာကြောင့် များများ မစားသင့်ပါဘူး။ မျိုးရိုး
ဗီဇပြုပြင်ထားတဲ့ အစားအစာတွေ ကိုလည်း ရှောင်သင့် ပါတယ်။ သင်စားတဲ့
အစားအစာတွေဟာ အာဟာရတန်ဖိုး မြင့်မားသင့်ပါတယ်။ ကယ်လိုရီပါဝင်မှု များပြီး
အာဟာရ တန်ဖိုးနည်းတဲ့ အစားအစာတွေဟာ ကလေးရလိုသူတွေနဲ့ မသင့်တော်လှပါဘူး။
တချို့ လူတွေက ကလေးရဖို့အတွက် တိရစ္ဆာန်မှ ရရှိတဲ့ အဆီနဲ့
ကိုလက်စထရောများတဲ့ အစာတွေကို ရှောင်ခိုင်း တတ်ကြပါတယ်။ အမှန်မှာတော့
ကိုလက်စထရော အသင့်အတင့်ဟာ ခန္ဓာကိုယ်မှ အဆီတွေကို ချေဖျက်ဖို့နဲ့
လိင်ဟော်မုန်း ထုတ်လုပ်ဖို့ အပါအဝင် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ အများစုအတွက်
လိုအပ်ပါတယ်။
(ဆ) စိတ်ဖိစီးမှုနည်းသော ဘဝကို ရရှိခြင်း
ကလေးရရှိနိုင်ဖို့ နောက်ဆုံးအချက် အနေနဲ့ စိတ်ဖိစီးမှု နည်းပါးတဲ့ ဘဝကို
ရရှိဖို့ပါပဲ။ စိတ်ဖိစီးမှုနဲ့ ကိုယ်ဝန် ရရှိတာဟာ သိပ္ပံနည်းကျ
ဆက်စပ်မှုမရှိပေမယ့် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်းက စနစ်တွေ အားနည်း
သွားတဲ့အတွက် ခန္ဓာကိုယ် လုပ်ငန်းတွေလည်း လျော့ကျ သွားပါတယ်။
စိတ်ဖိစီးမှုကြောင့် ဟော်မုန်း တွေကို ထိန်းချုပ်ထားတဲ့ ဦးနှောက်
အစိတ်အပိုင်းကို ထိခိုက် နိုင်ပါတယ်။ အမျိုးသမီးတွေမှာ မမျိုးဥ
ထွက်ရှိလာဖို့နဲ့ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း အဆင့်အတွက်
ဟော်မုန်းတွေကို ဦးနှောက်မှ ထိန်း ချုပ်ထားပါတယ်။ စိတ်ဖိစီးမှု
များလွန်းနေရင် ဓမ္မတာ စက်ဝန်း အတွင်း မမျိုးဥကြွေချိန် နောက်ကျတာ၊
ဒါမှမဟုတ် မမျိုးဥ လုံးဝ မကြွေတာတွေ ဖြစ်တတ်ပါတယ်။ Stress Induced
Anovulation လို့ ခေါ်ပါတယ်။
မြ၀တီသတင်းဌာနမှကူးယူဖော်ပြသည်။
31 Oct 2013
သဘာဝအတိုင်း ကိုယ်ဝန်ရရှိနိုင်သည့် နည်းလမ်းများ
Thursday, October 31, 2013
Taunzalat