လူတိုင်း နားလည်ထားရမယ့် ဆား ( စားဖိုဆောင်သုံး ဆား - Salt )အကြောင်း
ဆားလို့ ပြောလိုက်တာနဲ့ ငန်တယ် ဆိုတာ သဘော ပေါက်လေ့ ရှိတယ်။ ဆားမှာတောင် ဆားကြမ်း (အခဲလိုက် တွေ့ရ တဲ့ ခပ်ကြမ်းကြမ်း ရှရှရှိတဲ့ ဆားအမျိုးအစား)၊ စားပွဲတင်ဆား (နူးညံ့ မှုန့်နေအောင်၊ ဖြူဖွေး သန့်စင် နေအောင် ကြိတ် ထားတဲ့ ဆား ညက်ညက်လေး ဖြစ်နေတဲ့ အမျိုးအစား)၊ အိုင်အိုဒင်းဆား (အိုင်အိုဒင်းဓာတ် ဖြည့်စွက် ထားတဲ့ ဆားမျိုး) ဆိုပြီး အကြမ်းဖျင်း ခွဲခြားနိုင် ပါတယ်။ အမှန်တော့ ဆားဟာ ဓာတု ဗေဒ အမည် ဆိုဒီယမ် ကလိုရိုက်လို့ ခေါ်တဲ့ သတ္တုဓာတ်
ဆားတစ်မျိုး ဖြစ်ပါတယ်။ အိုင်းယွန်းများထဲ မှာလည်း အကြီးတန်း အမျိုးအစား အဆင့်အတန်း မြင့်တဲ့ အတန်းအစားကြီး ထဲမှာ ပါဝင်နေပါ သေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူနဲ့ တိရစ္ဆာန်တွေနဲ့ အပင်တွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ ဆား အနေနဲ့ ပမာဏ အနည်းအကျဉ်း မျှလောက် ရရှိဖို့ လိုအပ် နေလို့ပါပဲ။ ဒါပေမယ့် ဆား အရေအတွက် များများကြီး စားမိပြီ ဆိုရင်တော့ လူရော၊ တိရစ္ဆာန် တွေရော၊ အပင် တွေမှာပါ အန္တရာယ် ဖြစ်လာတော့ တာပါပဲ။
ဆားကို ရှေးအကျဆုံးနှင့် နေရာ တကာ တိုင်းမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ ဟင်းခတ် ပေါင်ဒါအဖြစ် တွေ့ရတတ် ပါတယ်။ အစားအစာ တွေကို ဆားနယ်ပြီး အခြောက်ပဲ လှန်းလှန်း၊ အစိုပဲ အိုးထဲ သိပ်ထားထား နှစ်ပေါက်အောင် ထားနိုင်လို့ အစားအစာ ထုတ်လုပ် ရောင်းချသူတွေ အတွက်တော့ တန်ဖိုး မဖြတ်နိုင်အောင် အသုံးတည့် နေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူသားတွေ စားသုံးသင့်တဲ့ ဆားပမာဏကို သိဖို့တော့ လိုပါတယ်။ ဒါမှသာ မိမိ တစ်နေ့၊တစ်နေ့ စားလိုက်တဲ့ အစားအစာ ထဲမှာ ဆားပမာဏ ဘယ်လောက် များများ ပါဝင် သွားသလဲ ဆိုတာ တွက်ချက် သိရှိနိုင်မှာ ဖြစ်ပါတယ်။လူတွေ စားသုံးတဲ့ ဆားကို ပုံစံအမျိုးမျိုး ထုတ်လုပ်လေ့ ရှိပါတယ်။ ဥပမာ ဆားကြမ်းလို့ ပြောကြတဲ့ ပင်လယ်က သဘာဝအတိုင်း ရတဲ့ဆား မပြုမပြင် ရသေးတဲ့ သဘာဝ ဆားကြမ်း၊ အဲဒီ ဆားကြမ်းခဲကြီး တွေကိုမှ စက်ရုံတွေဆီ ပို့ပြီး ဖြူဖွေး နူးညံ့လှပ သွားအောင် အရောင် ချွတ်ဆေး သုံးပြီး စားပွဲတင် ဆားလို့ ဆိုင်တွေ၊ စူပါမား ကက်တွေမှာ ထုတ်လုပ် ရောင်းချလေ့ ရှိတာကို သိပြီး ဖြစ်ပါလိမ့်မယ်။
နောက်တစ်မျိုး အိုင်အိုဒင်းဆား ကတော့ ဆားပုံဆောင်ခဲလေး တွေပါပဲ။ စားပွဲတင် ဆားလောက်တော့ နူးညံ့ ဖြူဖွေး မနေပါဘူး။ အဖြူရောင် ဒါမှမဟုတ် ပန်းရောင် ဖျော့ဖျော့လေး ဒါမှမဟုတ် မီးခိုးရောင် မှိုင်းမှိုင်းလေး ဖြစ်တတ်တယ်။ ပုံမှန်အားဖြင့် သဘာဝ ပင်လယ် ဆားငန် ရေထဲက ရရှိပြီး ထုတ်လုပ် တာမျိုး၊ ဒါမှမဟုတ် ဆားကြမ်းကြီးတွေ ကနေ ထုတ်လုပ် ကြတာ မျိုးလည်း ဖြစ်တတ်တယ်။ အိုင်အိုဒင်း ထည့်ထားတဲ့အတွက် အိုင်အိုဒင်းပါတဲ့ ဆားဟာ တခြားဆားနဲ့ နှိုင်းယှဉ်ရင် ခပ်မှိုင်းမှိုင်း မီးခိုးရောင် ဖြစ်လေ့ရှိပါတယ်။ ဆားထဲမှာ အဓိကပါဝင်တဲ့ ဓာတ်နှစ်မျိုးကတော့ ကလိုရိုက် အိုင်းယွန်း နဲ့ ဆိုဒီယမ်အိုင်းယွန်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီ ဆိုဒီယမ်အိုင်းယွန်းနဲ့ ကလိုရိုက် အိုင်းယွန်း ဓာတ်ဆား ၂ မျိုးစလုံးဟာ သတ္တဝါတွေနဲ့ အပင်တွေအတွက် အရေအတွက် နည်းနည်းလေး မျှသာ လိုအပ်ပါတယ်။
ဆားလို့ ခေါ်တဲ့ ဆိုဒီယမ်ကလိုရိုက် သတ္တုဓာတ် ဆားဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ပါဝင်မှုကို ထိန်းညှိပေးရာမှာ ပါဝင်ပါတယ်။ အထူးသဖြင့် အရည်တွေရဲ့ ပါဝင်မှုကို မျှခြေ ရအောင် ထိန်းထား ပေးရပါတယ်။ လူ့ခန္ဓာကိုယ် ထဲက အာရုံကြော နာဗ်ကြောအဖွဲ့မှာ လျှပ်စစ်ဓာတ် ဆိုင်ရာ အချက်ပြမှု အတွက် ဆိုဒီယမ်အိုင်းယွန်းလို့ ခေါ်တဲ့ ဓာတ်ဆားကို အသုံးချရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ၊ သတ္တဝါတွေ အသက်ရှင်သန်ဖို့ အတွက် ဆားဟာ အရေးပါလှ တာကြောင့် ဆားကို လူ၊သတ္တဝါတွေ၊ အပင်တွေ အနေဖြင့် တန်ဖိုးထားရတဲ့ အကြောင်း လူ့သမိုင်းမှာ ရုပ်ရှင်တွေ၊ စာအုပ်တွေမှာ မြောက်မြားစွာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် ယခုအခါ ဆားကို စားသုံးမှုဟာ အလွန်အမင်း တိုးတိုး လာတာကို သိပ္ပံပညာရှင်များ အနေဖြင့် ဖော်ထုတ် တွေ့ရှိလာခဲ့ပြီး ဖြစ်ပါတယ်။
ဆားအလွန်အကြူးစားသုံးမှုကြောင့် သွေးတိုး ရောဂါတွေအများကြီး ဖြစ်လာတာ၊ နှလုံး ရောဂါတွေ
ဖြစ်လာရတာနဲ့ လေဖြတ်လို့ ကိုယ်တစ်ခြမ်း သေရတဲ့ ရောဂါနဲ့ မသန်မစွမ်း ဖြစ်ပြီး လူနာ အတွက် တစ်အိမ်သားလုံး စောင့်ရှောက် ပေးရတဲ့ လုပ်အားတွေ၊ အချိန်တွေ အများကြီး နစ်နာဆုံးရှုံး ရတာကို ထောက်ပြ လာကြပါပြီ။ ဒါကြောင့် သိပ္ပံပညာရှင် ကျန်းမာရေး ဆိုင်ရာ ဆရာဝန်ကြီးတွေ
အနေဖြင့် ဆိုဒီယမ်ကလိုရိုက် ပါဝင်တဲ့ အစားအစာတွေ စားသုံးမှုကို ထိန်းချုပ်ဖို့ လိုအပ်ပြီလို့ ထုတ်ဖော် ထောက်ပြ လာကြပါပြီ။ ဆားပါဝင်မှု များတဲ့ ကြာရှည်ခံ အစားအစာ တွေနဲ့ အချိုမှုန့်လို့ ခေါ်တဲ့ ဟင်းခတ်မှုန့်တွေ ပါဝင်မှုများတဲ့ စားသောက်ဆိုင် အစားအစာတွေ၊ အသုပ်တွေ၊ အဆာပြေ အစားအစာများ ဖြစ်တဲ့ ဘီစကစ်၊ ပေါင်မုန့်၊ သစ်သီး ခြောက်တွေ၊ ယိုတွေ၊ လက်ဖက်နှပ်တွေ၊ အကြော်အလှော်တွေကို စားသုံးရာမှာ ဆင်ခြင်ကြဖို့ လိုပါပြီ။
လူတစ်ဦး အနေဖြင့် တစ်နေ့တာ လိုအပ်တဲ့ဆား (ဆိုဒီယမ်ကလိုရိုက်) ပမာဏဟာ အသက်အရွယ်
အလိုက် ၁၅၀ဝ မီလီဂရမ်မှ ၂၃၀ဝ မီလီဂရမ်မျှသာ ဖြစ်ကြောင်း တင်ပြလိုက် ရပါတယ်။
Ref:Mg Mandalay