Pages - Menu

27 Jan 2014

ကော်ဖီသောက်ခြင်းဖြင့် အယ်လ်ဇိုင်းမားဖြစ်ပွားနိုင်ခြေလျော့ကျဟုဆို

“တစ်နေ့ ကော်ဖီ(၄)ခွက်သောက်ပါ။ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေ သိသာစွာ လျော့ကျလာပါလိမ့်မည်”။

အဆိုပါကြေညာချက်ကို ဗြိတိသျှမှ အယ်လ်ဇိုင်းမားတိုက်ဖျက်ရေး ဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တစ်နေ့လျင် ကော်ဖီ(၃)ခွက်မှ (၅)ခွက်ထိ သောက်သုံးသည့် သက်လတ်ပိုင်းများတွင် အသက်ကြီးလာချိန်အတွင်း အယ်လ်ဇိုင်းမား ဖြစ်လာနိုင်သည့် အခြေအနေ (၇၀)ရာခိုင်နှုန်းထိ လျော့ကျလာကြောင်း သုတေသီများက ဖော်ထုတ်နိုင်ခဲ့ကြသည်။
ထိုသို့ဖြစ်ရခြင်းမှာ ကော်ဖီအတွင်း ပါဝင်နေသည့် ကာဖိန်းဓာတ်မှာ အယ်လ်ဇိုင်းမား လှုံ့ဆော်မှုများကို တိုက်ဖျက်ပစ်လိုက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ယူဆရပြီး အကြောင်းရင်းကို ဖော်ထုတ်နိုင်ရန် တိတိကျကျ လေ့လာသွားဦးမည်ဟု ဒေါက်တာဆူဇန်နီ ဆိုရင်ဆန်က ပြောကြားခဲ့သည်။

လွန်ခဲ့သော (၁၀)စုနှစ်များအတွင်း ကော်ဖီသောက်ခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူပြုသည်ဟု လူအများစုက လက်မခံခဲ့သော်လည်း ယခုအခါ ထိုအစွဲကို ပြောင်းလဲရန် အချိန်တန်ပြီဟု ဒေါက်တာဆူဇန်နီက ဆိုသည်။

သက်လတ်ပိုင်း အရွယ်များအတွင်း ကော်ဖီများများသောက်ခြင်းသည် အယ်လ်ဇိုင်းမား ကာကွယ်ခြင်းအတွက် အကောင်းဆုံး လုပ်ဆောင်ချက်တစ်ခုဟု သူမက ပြောဆိုခဲ့သည်။ ဆွီဒင်နှင့် ဖင်လန်နိုင်ငံမှ သုတေသနပညာရှင်များပါ ပူးပေါင်းပါဝင်ခဲ့သည့် ယခုသုတေသန လုပ်ငန်းအတွင်း သက်လတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး (၁၅၀၀)၏ ပုံမှန်ကော်ဖီနှင့် လက်ဖက်ရည် စွဲစွဲမြဲမြဲ သောက်သုံးသော ပမာဏများအလိုက် ခွဲခြားလေ့လာခဲ့ခြင်းဟု သိရသည်။

လက်ဖက်ရည်သောက်ခြင်းကြောင့် အယ်လ်ဇိုင်းမားအတွက် ကောင်းကျိုးရော ဆိုးကျိုးပါ မတွေ့ရဟု သုတေသီများက အယ်လ်ဇိုင်းမားတိုက်ဖျက်ရေး အစီရင်ခံစာတွင် ရေးသားထားသည်။ ထို့အပြင် ကော်ဖီများများသောက်ခြင်းသည် အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ရေးအတွက် ကောင်းမွန်သော်လည်း အခြားသော ကျန်းမာရေးပြဿနာများနှင့် ကြုံတွေ့လာနိုင်သည်ကိုလည်း ပညာရှင်များက သတိပေးထားသည်။

တစ်နေ့ကော်ဖီ (၇)ခွက်မျှထိ သောက်သောသူများတွင် ရင်တုန်ခြင်း၊ အိပ်ရေးပျက်ခြင်းစသည့် အခြေအနေများ ဖြစ်လာနိုင်ကြောင်း ဒေါက်တာဆူဇန်နီက ပြောကြားသွားသည်။

Source: thaindian

Twitter Delicious Facebook Digg Stumbleupon Favorites More