Pages - Menu

28 Oct 2014

ဒိန်ချဉ်သောက်သုံးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူး

အင်္ဂလိပ်အက္ခရာ Yogurt သည် တူရဂီဘာသားစကား Yoghurmak မှ ဆင်းသက်ကာ၊ တူရဂီလို "ပျစ်ခဲခဲ" ဟုအဓိပ္ပါယ်ရသည်။ 

သမိုင်း ရာဇ၀င်များအရ၊ အရှေ့ အလယ်ပိုင်းဒေသတွင် ၁၃ရာစုနှစ်မှ၍ ဒိန်ချဉ်စတင်သောက်သုံးလာခဲ့ကြောင်းဖော်ပြထားသော်လဲ၊ မျက်မှောက် ကာလတွင် လူမျိုးဘာသာမရွေး၊ ကျား/မ မရွေး နှစ်ခြိုက်စွာ စားသုံးလျှက်ရှိကြသည်။ နွားနို့ကိုအတန်ငယ်ပျစ်အောင်ကျိုချက် အအေးခံ ထားပြီး၊ အဝကျယ်မြေအိုးသန့်သန့်တစ်လုံးထဲထည့်၍ တဆေး(yeast) အနည်းငယ်ထည့်ခြင်း (သို့ မဟုတ်) ဒိန်ချဉ်နှစ်ဇွန်းခန့်ကိုမြေအိုး ထဲထည့်ပြီး၊ ကျိုချက်အအေးခံထားသောနွားနို့ကိုလောင်းထည့်ခြင်း (သို့ မဟုတ်) နွားနို့ဆူဆူအား ဒိန်ချဉ်လုပ်မည့် မြေအိုးထဲလောင်း ထည့်ပြီး ခပ်နွေးနွေးအနေအထားတွင် ထိုနို့အိုးထဲသို့ သံပုရာရည်နှစ်စက်ထည့်ခြင်း စသည့်နည်းတို့ ဖြင့် ဒိန်ချဉ်ပြုလုပ်နိုင်သည်။ နွားနို့ / ကျွဲနို့ /ဆိတ်နို့ /ပဲနို့ တို့ ဖြင့် ဒိန်ချဉ်ပြုလုပ်နိုင်ပြီး၊ မြန်မာပြည်တွင် နွားနို့ နှင့် ကျွဲနို့ တို့ ဖြင့်သာ ဒိန်ချဉ်လုပ်လေ့ရှိသည်။ နွားနို့ ဒိန်ချဉ်သည် အရောင်ဝါဖန့် ဖန့် ဖြစ်၍အသားပျော့ပြီး၊ ကျွဲနို့ ဒိန်ချဉ်သည်ဖြူဖွေးကာ၊ အတန်ငယ်အသားတောင့်တင်းသည်။ ဒိန်ချဉ်ကို ဆားနဲနဲ ခတ်ကာ၊ ထန်းလျက်ရည်(သို့ )သကြား(သို့ )ပျားရည်တို့ နှင့်အတူ မိမိနှစ်သက်ရာ ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ်၊ ဖရဲ၊ သင်္ဘော၊ ဌက်ပျော၊ ထောပတ် သီးတို့ ဖြင့် ဖျော်စားနိုင်ပါသည်။
WHFoods ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ၂၄၅ ဂရမ်ရှိသော ဒိန်ချဉ်တခွက်စာထဲတွင် ကယ်လိုရီ ၁၅၄.၃၅၊ အိုင်အိုဒင်း ၈၇.၂၂ မိုက် ကရိုဂရမ်၊ ကယ်လ်စီယမ် ၄၄၈.၃၅ မီလီဂရမ်၊ ဖော့စဖရက် ၃၅၂.၈၀ မီလီဂရမ်၊ ဗီတာမင်(ဘီတူး) ၀.၅၂ မီလီဂရမ်၊ ပရိုတင်း ၁၂.၈၆ ဂရမ်၊ ဗီတာမင်(ဘီ12) ၁.၃၇မိုက်ကရိုဂရမ်၊ tryptophan ၀.၀၇ ဂရမ်၊ ပိုတက်စီယမ် ၅၇၃.၃၀ မီလီဂရမ်၊ molybdenum ၁၁.၂၇ မိုက်က ရိုဂရမ်၊ ဇင့် ၂.၁၈ မီလီဂရမ် နှင့် ဗီတာမင်(ဘီ5) ၁.၄၅ မီလီဂရမ် တို့  အသီးသီးပါရှိကြသည်။
 

(၁) ဒိန်ချဉ်ထဲတွင် ဗီတာမင်နှင့် သတ္တုဓာတ်များကြွယ်ဝသည့်ပြင်၊ Probiotic (ခေါ်) ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးများပါရှိ၍့ နေ့ စဉ် ဒိန်ချဉ် ၁၀၀-ဂရမ် သောက်သုံးပေးခြင်းဖြင့်၊ ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေ၏။ အိန္ဒိယနိုင်ငံတွင် လူပေါင်း ၁၆၂ ယောက်ကို ရက်သတ္တတစ်ပတ်လျှင် ၃ကြိမ်နှုန်းဖြင့် ဒိန်ချဉ် ၅နှစ်တာစားစေပြီးစမ်းသပ်ကြည့်ရာ၊ ပြင်ပရောဂါများကူးစက်ခြင်းမှ ကာကွယ်ပေးပြီး၊ သက်ရှည်ကျန်းမာစေကြာင်း အိန္ဒိယဆေးကျမ်းများတွင် ဖော်ပြထားသည်။
 

(၂) အမေရိကန်ပြည်ထောင်စုတွင်စမ်းသပ်ချက်များအရ၊ အမျိုးသမီးများအစာအစားပြီးတိုင်း ဒိန်ချဉ်တစ်ခွက်သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ parathyroid ဟိုမုန်းစိမ့်ထွက်စေကာ၊ ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သောအဆီဓာတ်များ လောင်ကျွမ်းကာဗိုက် ချပ်စေကြောင်း၊ မကောင်းသော LDL ကိုလက်စထရောကိုကျစေပြီး၊ ကောင်းသော HDL ကိုလက်စထရောကို မြှင့်တင်ပေး ကြောင်း၊ ဒိန်ချဉ်ထဲတွင်ပါရှိသော ဘက်တီရီးယားများသည် အမျိုးသမီးများယောနိကို သန့် စင်ပေးပြီး၊ ယောနိအင်္ဂါမှုစွဲခြင်း/အဖြူ ဆင်း၍ယားယံခြင်းမှလည်းကာကွယ်ပေးကြောင်း၊ ထို့ ပြင် အမျိုးသမီးများ ဓမ္မတာလာစဉ် ဒိန်ချဉ်သောက်ခြင်းဖြင့် ကိုက်ခဲနာကျင် မှုဝေဒနာများသက်သာစေကြောင်း၊ ပဋိသန္ဓေတားဆေးမှီဝဲသောအမျိုးသမီးများဟိုမုန်းထွက်ရှိမှုမျှတစေကြောင်း Yale ဆေးတက္က သိုလ်ရှိ သားဖွားနှင့်မီးယပ်ပါမောက္ခ Mary Jane Minkin မှ အကြံပြုထားသည်။
 

(၃) ၂၀၁၂ ခုနှစ်တွင် လေ့လာစမ်းစစ်ချက်များအရ၊ အ၀လွန်သူများကို အဆီထုတ်ထားသောဒိန်ချဉ် ၆-အောင်စ ပမာဏဖြင့် တစ်နေ့  ၃ကြိမ်စားစေပြီး ကယ်လိုရီလျော့ခဲ့ရာ၊ များမကြာမီအတွင်း ကိုယ်အလေးချိန် ၂၂%လျော့ကျခဲ့ပြီး ဝမ်းဗိုက်အဆီ ၆၁%ထိ လျော့ ကျသွားကြောင်း တွေ့ ရှိရသည်။
 

(၄) ဒိန်ချဉ်ထဲတွင်ပါရှိသော လက်တစ်အက်ဆစ်သည် ခံတွင်းထဲရှိဘက်တီရီးယားပိုးမွှားများကိုသေစေ၍၊ ခံတွင်းရနံ့ ဆိုးများပြေပျောက် စေသည့်ပြင် သွားနှင့်သွားဖုံးတို့ ကိုကျန်းမာစေကြောင်း၊ တစ်ပတ်လျှင် အနည်းဆုံးဒိန်ချဉ်လေးကြိမ်သောက်ခြင်းဖြင့် သွားပိုးစား ခြင်းကို ၂၅%လျော့ကျကြောင်း၊ တိုကျိုမြို့ ရှိ ဖုခုအိုဒါတက္ကသိုလ် နှင့် သြစတြေးလျနိုင်ငံရှိ ဆေးသုတေသီများက အကြံပြုထား သည်။ အသက် ၃-နှစ်အရွယ်ကလေးငယ်များကို ဒိန်ချဉ်တိုက်ကျွေးခြင်းဖြင့် သွားများပေါ်တွင်အလွှာတထပ်ဖုံးစေကာ၊ သွားပိုးစား မှုသက်သာ၍ ခိုင်ခန့် လာကြောင်း ဗြိတိန်နိုင်ငံရှိ ဆေးသုတေသီများက အကြံပြုထားသည်။
 

(၅) လူတစ်ယောက်၏ တစ်နေ့ တာလိုအပ်ချက် ပရိုတင်း၂၀%ကို ဒိန်ချဉ်တခွက်စာပမာဏထဲတွင်ရရှိနိုင်၏။ ထို့ ကြောင့် ရာသက်ပန် သက်သက်လွတ်စားသူများသည် ခန္ဓာကိုယ်အတွက် ပရိုတင်းအားဖြည့်စာအဖြစ် ဒိန်ချဉ်စားပေးသင့်သည်။
 

(၆) ဒိန်ချဉ်ထဲတွင်ပါရှိသော အကျိုးပြုဘက်တီးရီးယားများသည် နို့ ထက်ပိုမို၍အစာချေစံနစ်ကိုတိုးတက်ကောင်းမွန်စေပြီး၊ အဆာ မကြေ၊ လေပွ၊ ဝမ်းချုပ်၊ ဝမ်းလျှော၊ ဝမ်းပျက်ခြင်းတို့ ကို ကုသပေးနိုင်ကြောင်း၊ ဆာလောင်မွန်သိပ်မှုကိုပြေပျောက်စေကြောင်း၊ အစာအိမ်နှင့် အူကိုကောင်းကျိုးပြု၍ ဒိန်ချဉ်သောက်သုံးခြင်းဖြင့်ဝမ်းမသွားစေကြောင်း၊ မစင်ထဲတွင်ချွဲပါခြင်းသည် မှိုပိုးဝင်ရောက် ခြင်းဖြစ်၍ ဒိန်ချဉ်စားခြင်းဖြင့်သက်သာစေကြောင်း၊ မလိုင်ပြည့်ဒိန်ချဉ်သောက်သုံးခြင်းဖြင့် ဖက်ခွက်နာ၊ ပြည်တည်နာစသည့် ကိုယ် တွင်း/ကိုယ်ပအနာများပျောက်ကင်းကာ၊ အူမကြီးကင်ဆာဖြစ်နိုင်ချေအလားအလာ ၇၅%နည်းပါးစေကြောင်း the American Journal of Clinical Nutrition ဂျာနယ်တွင်ဖော်ပြထားသည်။
 

(၇) ဒိန်ချဉ်ထဲတွင်ပါရှိသော probiotic ဘက်တီးရီးယားများသည် အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်းဝေဒနာများကို ထိထိရောက် ရောက်ကုသပေးနိုင်သည့်ပြင်၊ အဆီနည်းသော ဒိန်ချဉ်သောက်သုံးပေးခြင်းဖြင့် ဂေါက်ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေကြောင်း အစ္စရေးနိုင်ငံ၏ ကျန်းမာရေးဂျာနယ်တွင်ဖော်ပြထားသည်။

 (၈) အရက်အလွန်အကျွံသောက်သူများသည် ဒိန်ချဉ်ကိုတွဲဖက်သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်၏ချေဖျက်အင်ဇိုင်း အားကောင်း စေကာ အသည်းထိခိုက်မှုကိုလျော့နည်းစေကြောင်း၊ အဆုတ်ကိုကျန်းမာစေသဖြင့် ဆေးလိပ်သောက်သူများလည်း ဒိန်ချဉ်စား ပေးသင့်ကြောင်း ရုရှားနိုင်ငံဆေးပညာရှင်များက အကြံပြုထားသည်။
 

(၉) ရာသီဥတုအပြောင်းအလဲကြောင့် ဓာတ်မတည့်ခြင်း၊ လည်ချောင်းနာခြင်းနှင့် အအေးမိနှာစေးခြင်းများသက်သာစေကြောင်း၊ ည ဘက်နှစ်ခြိုက်စွာအိပ်ပျော်စေကြောင်း၊ ငယ်စဉ်ကတည်းက ဒိန်ချဉ်ကိုစွဲစွဲမြဲမြဲသောက်သုံးသူသည် သက်ကြီးပိုင်းသွေးတိုးရောဂါ မဖြစ်စေကြောင်း၊ ဗြိတိန်နိုင်ငံဆေးသုတေသီများက အကြံပြုထားသည်။
 

(၁၀) သိုင်းရွိုက်ဝေဒနာသည်များ အိုင်အိုဒင်းအားဖြည့်ဓာတ်စာအဖြစ် စားပေးသင့်သည်။
 

(၁၁) the Massachusetts Institute of Technology မှ ဆေးသုတေသီများသည် ကြွက်များဖြင့်စမ်းသပ်ကြည့်ရာ သွေးလည်ပတ်မှု အားကောင်းစေ၍၊ ကပ္ပါယ်အိတ်ကြီးထွားကာ၊ အရည်သွေးမှီသုက်ရည်များထွက်ရှိပြီး၊ အိမ်ထောင်ရေးသုခပြည့်ဝစေနိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။
 

(၁၂) နို့ တိုက်မိခင်များ အဆီနည်းသော ဒိန်ချဉ်သောက်သင့်ကြောင်း၊ အသက် ၁၀နှစ်မှ ၁၂ အရွယ် ကြီးထွာဖွံ့ ဖြိုးဆဲ အမျိုးသမီး ငယ် များ အရိုးအားကောင်းစေရန် ကယ်လ်စီယမ်ဖြည့်စွက်စာအဖြစ်ဒိန်ချဉ်စားသုံးပေးသင့်ကြောင်း၊ အရိုးကြီးထွားမှုလျှင်မြန်ပြီး၊ အရိုး သိပ်သည်းဆအားကောင်းကာ သန်မာစေကြောင်း၊ ဒိန်ချဉ်ထဲတွင် lactoferrin ဓာတ်ပါရှိခြင်းကြောင့်၊ အရိုးပျော့ရောဂါမှ ကာ ကွယ်ပေးကြောင်း၊ သက်ကြီးပိုင်း အရိုးပါး/ပွရောဂါ မဖြစ်စေကြောင်း၊ ထို့ ပြင် ကယ်လ်စီယမ်ကြွယ်ဝ၍့ အားကစားသမားများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကြွက်တက်ခြင်းမှ သက်သာစေကြောင်း စင်ကာပူနိုင်ငံ၊ ဂျန်ဂီအထွေထွေရောဂါကုဆေးရုံကြီးမှ အာဟာရ ဗေဒပညာရှင်အကြီးအကဲ Mrs Magdalin Cheong မှ အကြံပြုထားသည်။
 

(၁၃) ၀က်ခြံပျောက်၍ အသားအရေ၀င်းမွတ်စိုပြေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ ဆံနွယ်အားကောင်း၍ ဆံပင်ကျွတ်ခြင်းမှသက်သာခြင်း၊ ဓာတ်ကြီး ၄-ပါးမှန်ကန်စေခြင်း၊ သွေးဆုံးပြီးအမျိုးသမီးများတွင် သွေးသားပြောင်းလဲမှုကြောင့် အသားအရေပြောင်းလဲမှုမှ သက် သာစေခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။
 

(မှတ်ချက်) ဒိန်ချဉ်ကို ထန်းသီးမုန့် နှင့်တွဲဖက်၍မစားပါနှင့် ၀မ်းပျက်စေသည်။ ၀မ်းနှုတ်ဆေးစားထားသူများ ဒိန်ချဉ်မစားသင့်ပါ။
ကမ္ဘာ့အကောင်းဆုံးအစားအစာ ၁၀-မျိုးစာရင်းထဲတွင် ဒိန်ချဉ်လည်း တစ်ခုအပါအ၀င်ဖြစ်ကြောင်း WHFoods မှ ဖော်ပြထားသည်။ ထို့  ကြောင့် လူသားတို့ ကျန်းမာရေးအတွက် ကောင်းကျိုးပြုသည့်ဒိန်ချဉ်ကို ကျား/မ အရွယ်(၃)ပါးမရွေး သင့်တင်မျှတရုံစားသုံးသော အလေ့ ကျင့် ကောင်းများ မွေးမြူနိုင်ကြပါစေကြောင်း......သတင်းကောင်း။
 

 (ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

Twitter Delicious Facebook Digg Stumbleupon Favorites More