Pages - Menu

12 Dec 2012

ခြောက်သွေ့တက်သော အသားအရေပိုင်ရှင် များအတွက်

ခြောက်သွေ့တက်သော အသားအရေပိုင်ရှင် များအတွက် ကာကွယ်ထိန်းသိမ်းနည်းများ

ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ ခြောက်သွေ့တက်သော အသားအရေ ပိုင်ရှင်များအတွက် ဘယ်လို ကိုယ့် အသားအရေကို ထိန်းသိမ်းကာကွယ်ရမယ် ဆိုတဲ့ နည်းလေးကို  ကျွန်တော် သိသလောက်ပြောပြပေးပါ့မယ်ဗျာ။အသားအရေက စိုပြေမှုမရှိဘဲ ခြောက်သွေ့ပြီး တင်းနေလို့ စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေအတွက် ခြောက်သွေ့တဲ့အသားအရေ အကြောင်း သိကောင်းစရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူမဆို ကိုယ့်အသားအရေအကြောင်း ကိုယ် သိချင်ကြမှာပဲလေ။ ဒါမှလည်း ဆောင်ရန် ရှောင်ရန်လေးတွေသိမှာပေါ့။ ခုတော့ ခြောက်သွေ့တဲ့အသားအရေအကြောင်းရော၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေလည်း တခါထဲ ဖော်ပြထားတာမို့ သူငယ်ချင်းတို့က ဖတ်ပြီး လိုက်နာရုံပဲနော်။ ခု ခြောက်သွေ့တဲ့အသားအရေနဲ့ ပတ်သက်သမျှကို တူတူလေ့လာရအောင်ဗျာ။ 


ခြောက်သွေ့တဲ့အသားအရေ

- အရေပြားက အဆီထုတ်လုပ်မှုနည်းတဲ့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေဟာ အစိုဓာတ်ကို မထိန်းနိုင်တော့ အရေပြားက ခြောက်သွေ့ပြီး အကွက်လေးတွေဖြစ်နေသလို ထင်နေရတယ်နော်။
- မျက်နှာသစ်ပြီးလို့ အစိုဓာတ်ထိန်းခရမ် တစ်ခုခုမလိမ်းဘူးဆိုရင် မျက်နှာကတင်းပြီး သက်တောင့်သက်သာ မရှိတော့ပါဘူး။အသားအရေဟာ စိုပြေမှုမရှိတော့ဘဲ အထူးသဖြင့် ပါးနဲ့ မျက်လုံးတ၀ိုက်မှာ ပိုဆိုးတတ်တယ်လေ။
- အဲ့ဒီနေရာတွေနဲ့ ပါးစပ်ထောင့်တွေမှာ အရေးအကြောင်းတွေကိုလည်း တွေ့ရတတ်ပါတယ်။ အရေးအကြောင်းတွေဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေပါပဲ။
- ခြောက်သွေ့တဲ့ အသားအရေဟာ ထိခိုက်လွယ်လှပါတယ်။ ဓာတ်မတည့်မှုတွေ ဖြစ်လွယ်တာပေါ့။
- လေဒဏ်၊ Air Con ဒဏ်နဲ့ အရမ်းပူ အရမ်းအေးတဲ့ အခြေအနေတွေဟာလည်း အသားအရေကို ပိုခြောက်သွေ့စေလို့ အသားအရေဟာ အရမ်းတင်းလာတတ်တယ်။ ပြီးတော့ အသားပတ်ပြီး အဖတ်လေးတွေ ကွာနိုင်ပါတယ်။
- အသားပတ်ခြင်းဖြစ်လာပြီဆိုရင်တော့ သင့်အသားအရေဟာ အလွန်ခြောက်သွေ့ပြီး ရေဓာတ်လည်း ခမ်းခြောက်နေတယ်လို့ သတိပေးနေတာပါပဲ။
- ဒါကြောင့် သေချာဂရုစိုက်ရမယ့် အသားအရေပဲနော်။

ခြောက်သွေ့တဲ့အသားအရေကို ဖြစ်စေတဲ့အကြောင်းရင်းများ
- မျိုးရိုးလိုက်ခြင်း

- Vitamin A နှင့် Vitamin B ချို့တဲ့ခြင်း

- နေဒဏ်၊ လေဒဏ်၊ အအေးဒဏ်ခံရခြင်း

- ဓာတုပစ္စည်းများ၊ အလှကုန်ပစ္စည်းများ

- အပြင်းစားဆပ်ပြာများကို အလွန်အကျွံသုံးစွဲခြင်း

- အရေပြားရောဂါများ

- သွိုင်းရွိက်ရောဂါများ

- ဆေးအချို့

ဘယ်လိုဂရုစိုက်ရမလဲ
- ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေဟာ ရေနွေးနဲ့ မျက်နှာသစ်ခြင်း ရေချိုးခြင်းတွေကို ရှောင်ရမယ်နော်။ မျက်နှာသစ်ရင်လည်း ရေများများသုံးပြီး သစ်ပေးပါ။

- ခြောက်သွေ့တဲ့ အသားအရေဟာ ထိခိုက်လွယ်လို့ မျက်နှာကို ညင်ညင်သာသာလေး ကိုင်တွယ်ရမယ်နော်။  

- မျက်နှာသစ်တဲ့အခါမှာ ဆပ်ပြာကို လုံးဝမသုံးပါနဲ့။ မျက်နှာသစ်ဆေးတွေ ရေချိုးဆပ်ပြာတွေကို ဓာတုပစ္စည်းပါဝင်မှု နည်းတာတွေကိုပဲ ရွေးဝယ်ပါ။ သခွားသီး၊ ရှားစောင်းလက်ပတ် ကျွန်တော်တို့ မြန်မာနိုင်ငံကဆို မြန်မာ့ ရှင်မတောင်သနပ်ခါး စစ်စစ်တို့လို သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထားတာတွေကတော့ ပိုကောင်းတယ်နော်။ For Dry Skin ဆိုတာတွေကို ရွေးဝယ်ဖို့ မမေ့ပါနဲ့။ Alcohol စတာတွေပါတဲ့ အပြင်းစားအလှကုန်တွေကိုတော့ ဝေးဝေးကသာ ရှောင်ပေတော့။

- သင်ရေချိုးပြီးတဲ့အခါနဲ့ မျက်နှာသစ်ပြီးတဲ့အခါ အမွေးနုတဘက်လေးနဲ့ ညင်သာစွာ သုတ်ပေးပါ။

- ပြီးရင် အစိုဓာတ်ထိန်းခရမ်ကောင်းကောင်းလေး လိမ်းပြီး နှိပ်နယ်ပေးဖို့ လိုပါတယ်။ Baby Oil ကိုလည်း သုံးလို့ရတယ်နော်။

- ညအိပ်ရာဝင်ခါနီးတိုင်း ညလိမ်းအစိုဓာတ်ထိန်းခရမ်လေး လိမ်းပြီး နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။အထူးသဖြင့် နို့နဲ့ ပြုလုပ်ထားတဲ့ အေးမြတဲ့ Skin Lotion တို့လို ဟာမျိုးကို ခပ်ပါးပါးလေး လိမ်းပေးသင့်ပါတယ်။

-နှုတ်ခမ်းလေးတွေ ခြောက်သွေ့ကွဲအက်နေလို့ စိတ်ညစ်မနေနဲ့တော့နော်။ Vitamin E ပါတဲ့ နူတ်ခမ်းနီအဆီလေး ဆိုးပေးရုံနဲ့ အစိုဓာတ်လေးတွေ ပြည့်ဝပြီး နူးညံ့သွားမှာပါ။ နှုတ်ခမ်းနီမဆိုးခင်မှာတော့ နှုတ်ခမ်းက ကွာလန်နေတဲ့ အရေပြားဖတ်လေးတွေကို နူးညံတဲ့ပုဝါ ၊ ဒါမှ မဟုတ် တီရှူးတို့ဖြင့် ဖြည်းဖြည်း ပွတ်တိုက်ပြီး ဖယ်ရှားပေးရမယ်နော်။

- ခန္ဓာကိုယ်အရေပြားတွေ အလွန်ခြောက်သွေ့ပြီး အသားပတ်နေတယ်ဆိုရင်လည်း Vitamin E လိမ်းဆေးလေးတွေ လိမ်းပေးနိုင်ပါတယ်။

- အသားကြမ်းတဲ့အ၀တ်တွေက အသားအရေကို ထိခိုက်စေလို့ မ၀တ်သင့်ဘူးနော်။

- အရမ်းပူတဲ့ အေးတဲ့နေရာတွေမှာ မနေပါနဲ့။ အပူချိန် ချက်ချင်းပြောင်းလဲတာတွေကို သတိပြုရှောင်ကြဉ်ပါ။ နေဒဏ်၊ လေဒဏ်ကိုလည်း ကာကွယ်ရမယ်နော်။

- နေရောင်ခြည်ဒဏ်က အရေပြားကိုခြောက်သွေ့စေရုံမက အရေးအကြောင်းများလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲမသွားခင် နေရောင်ကာလိမ်းဆေး ကောင်းကောင်းလိမ်းပါ။ ထီး၊ ဦးထုပ်၊ မျက်မှန်စတဲ့ အကာအကွယ်တွေကိုလည်း မမေ့ပါနဲ့။
- ဆေးလိပ်သောက်ခြင်းဟာလည်း အရေပြားကို ခြောက်သွေ့စေပြီး ပင်ပန်းနေတဲ့အသွင်ဖြစ်ပေါ်စေတာမို့ ဆေးလိပ်ကိုရော ဆေးလိပ်ငွေ့ကိုပါ ဝေးဝေးက ရှောင်ပါ။


အာဟာရ အကြံပြုချက်

- အသားအရေ အာဟာရပြည့်စေဖို့ အသီးအရွက်၊ အသား၊ ပဲ အစုံစားပေးဖို့တော့ အသားအရေအမျိုးအစား အားလုံးမှာ လိုတယ်နော်။

- ပဲအမျိုးမျိုးကို များများစားပေးပါ။

- အသီး၊ အရွက်တွေကိုလည်း လတ်လတ်ဆတ်ဆတ် အစိမ်းစားပေးပါ။ ရေသေချာဆေးဖို့တော့ လိုမယ်နော်။

- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ကညွတ် တွေများများစားပေးပါ။ သင့်အသားအရေကို နူးညံ့ပြီး နုပျိုစေတဲ့ အစားအစာတွေပါပဲ။

- သခွားမွှေး၊ မုန်လာဥ၀ါနဲ့ ဆီးသီး တွေဟာ ခြောက်သွေ့တဲ့ အသားအရေအတွက် အရမ်းကောင်းတဲ့ စားစရာတွေ ပါပဲ။ Vitamin A နဲ့ C ကြောင့် အရေပြားကို နူးညံချောမွေ့စေတယ်လေ။

- Vitamin B5 ( Pantothenic acid ) ကြွယ်ဝတဲ့ ချိစ်၊ ဒိန်ချဉ်၊ အစိမ်းရောင်အသီးအရွက်များ၊ ဂျုံနဲ့လုပ်ထားတဲ့အစားစာများ၊ တဆေး စတာတွေကို စားပေးပါ။ Vit B5 ဟာအရေပြားရဲ့ အဆီထုတ်လုပ်မူအတွက် အလွန်အရေးပါလှပါတယ်။

- ရေကို နေ့စဉ် ၂ လီတာခန့် သောက်ပါ။

- ဆီကြော်နဲ့ ပတ်သတ်တဲ့ မုန့်တွေကို တတ်နိုင်သလောက်ရှောင်ပါ။

-အချိုရည်တွေနဲ့ အသင့်စားစရာတွေကိုလည်း ရှောင်ရမယ်နော်။

-အရက်နဲ့ ကော်ဖီကိုရှောင်ပါ။ ဆီးရွှင်စေလို့ ဆီးခဏခဏသွားပြီး ခန္ဓာကိုယ်ထဲက ရေတွေဆုံးရူံးနိုင်လို့ဖြစ်ပါတယ်။

အထွေထွေ အကြံပြုချက်

- Evening Primrose Oil  ပါတဲ့ဆေးတွေသောက်ပါ။ အဲမှာပါတဲ့ Gamma Linolenic acid (GLA) ကအရေပြားဆဲလ်တွေကို ကြံခိုင်သန်စွမ်းစေပြီး အစိုဓာတ်ကိုပြည့်ဝစေတယ်လေ။

- အရေပြားက ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတဲ့ လုပ်ဆောင်ချက် အပြည့်အ၀လုပ်ဆောင်နိုင်ဖို့ အိပ်ရေးဝအောင် အိပ်ဖို့ လိုတယ်နော်။

- သွေးလှည့်ပတ်မှုကောင်းပြီး အရေပြားက လိုအပ်တဲ့အာဟာရတွေ ရရှိစေဖို့နဲ့ မလိုတဲ့အညစ်အကြေးတွေ သန့်စင်စေဖို့ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ပေးပါ။ ကျွန်တော် ပြောချင်တာကတော့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့  မကောင်းတဲ့ အညစ်အကြေးတွေကို ချွေးအဖြစ် အပြင်ကို ထွက်သွားအောင်လို့ပါ။

- ခြောက်သွေ့တဲ့အသားအရေအတွက် အလွယ်ဆုံး မျက်နှာပေါင်းတင်ဆေးကတော့ ငှက်ပျောသီး ပါပဲ။ပြီးတော့ သခွားသီး၊ရှားစောင်းလက်ပတ်တို့ပေါ့။ကိုယ့် သန်ရာ ကိုယ်လုပ်လို့ရပါတယ်။ကျွန်တော်ကတော့ အလွယ်ဆုံး ငှက်ပျောသီး နဲ့ပဲ ပြောပြပါရစေဗျာ။ ငှက်ပျောသီးကို ကျေညက်အောင်ချေပြီး မျက်နှာနဲ့ လည်ပင်းအနှံ့ လိမ်းပေးပါ။ ၁၅ မိနစ် ကြာတဲ့အခါမှာ ရေကြက်အေး ခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။အရမ်းကြီး ပူလို့လဲ မရပါဘူး။ကဲ....ဘယ်လိုလဲ ကျွန်တော် ပြောတဲ့ နည်းလေးက အရမ်းလွယ်တယ် မဟုတ်လား။
ကဲ.....သူငယ်ချင်းတို့လည်း ခြောက်သွေ့တဲ့အသားအရေအကြောင်းကို တော်တော်သိသွားပြီဆိုတော့ ကိုယ့်ဘာသာ အားတဲ့အချိန်လေး လုပ်ကြည့်ပြီး စိုပြေ၀င်းမွတ်တဲ့ အသားအရေ ပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေလို့ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်လေးတွေကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို Myanmar Sky Link မှ ကူးယူထားပြီး စာသားအနည်းငယ်လေးကို  ထပ်မံဖြည့်သွင်းထားပါတယ်ဗျာ။
From - (Myanmar Sky Link)

Twitter Delicious Facebook Digg Stumbleupon Favorites More