Pages - Menu

6 Aug 2013

ဟုမ်းမိတ်ချဉ်ဖတ်


ကျွန်မရဲ့ဒေသ ရှမ်းပြည်နယ်မှာနေထိုင်ကြသူတွေရဲ့
မီးဖိုချောင်တိုင်းလိုလိုမှာ မုန်ညင်းနဲ့ပဲပုပ်၊ ပဲပုပ်နဲ့မုန်ညင်းက
သူတစ်ပြန်ကိုယ်တစ်ပြန်နဲ့အမြဲရှိတတ်တဲ့အရာတွေပါ။
မုန်ညင်းအစိမ်းမဟုတ်ရင်တောင် မုန်ညင်းခြောက်၊
မုန်ညင်းချဉ်ကမပြတ်ခဲ့ပါဘူး။ မြေနေရာလေး တစ်နေရာရှိရင်
မုန်ညင်းမျိုးစေ့လေး ကြဲတတ်ကြသူတွေဖြစ်သလို
ရေခြံတွေပေါများတာကြောင့်လည်း အခုဆိုရင်
တောင်ကြီးဈေးမှာ ၁၂ရာသီလုံး မုန်ညင်းတွေ
လတ်လတ်ဆတ်ဆတ် ၀ယ်ယူလို့ရနိုင်ပါတယ်။

အရင်တုန်းက ကျွန်မတို့လည်း မုန်ညင်းကို စီးပွားဖြစ်စိုက်ပျိုးခဲ့ပါတယ်။
မုန်ညင်းစိမ်းအရှည်၊ မုန်ညင်းစိမ်းအထုပ်တွေစိုက်ပျိုးပြီး
မုန်ညင်းချဉ်လုပ်သူတွေဆီ ရောင်းပေးခဲ့သလို
ကျွန်မတို့ကိုယ်တိုင်စားဖို့အတွက်လည်း မုန်ညင်းချဉ်တွေ ပြုလုပ်ခဲ့ပါတယ်။
ရက်ကြာကြာထားလို့ရတဲ့ မုန်ညင်းချဉ်၊ ရက်တိုတိုထားလို့ရတဲ့
မုန်ညင်းချဉ်တွေ ပြုလုပ်ခဲ့ပါတယ်။ ရက်ကြာကြာထားလို့ရတဲ့
မုန်ညင်းချဉ်က ငရုတ်သီး၊ ဆား စတဲ့ အဆာပလာတွေပါတဲ့
မုန်ညင်းချဉ်နဲ့ မုန်ညင်းချဉ်ခြောက်(စွန်ထန်) တွေဖြစ်တယ်။
ရက်တိုတိုထားလို့ရတဲ့ မုန်ညင်းချဉ်က ကြံမဆိုင်လို့ခေါ်တဲ့
ချဉ်ဖတ်ဖြစ်ပါတယ်။

ချဉ်ဖတ်ကို မုန်ညင်းစိုက်တဲ့ရာသီရောက်တိုင်း ကျွန်မတို့လုပ်ဖြစ်ပါတယ်။
ချဉ်ဖတ်ကို ရောင်းတန်းမ၀င်တဲ့ မုန်ညင်းပင်ငယ်တွေနဲ့ ကျွန်မတို့လုပ်သလို
အဖူးဖြစ်သွားတဲ့ မုန်ညင်းဖူးနုနုလေးတွေနဲ့လည်း ကျွန်မတို့လုပ်ပါတယ်။
မုန်ညင်းဖူးနဲ့လုပ်တာကို ကျွန်မတို့ပိုကြိုက်ပါတယ်။

ချဉ်ဖတ်ကို ကျွန်မတို့က နုပ်နုပ်စဉ်းပြီးအသားတစ်မျိုးမျိုးနဲ့ကြော်စားကြတယ်။
အရိုးတစ်မျိုးမျိုးနဲ့ဟင်းရည်ချက်စားကြတယ်။
သူ့ချည်းသတ်သတ်သုပ်စားသလို အသုပ်တွေထဲလည်း
ထည့်သုပ်စားပါတယ်။ ချဉ်ဖတ်နဲ့ ချဉ်ဖတ်အရည်ကို
အချဉ်ရည်အဖြစ် တိုဟူးသုပ်၊ ကြာဆံသုပ်၊ခေါက်ဆွဲသုပ်၊
ချဉ်ငန်စပ်တွေထဲ ထည့်စားကြတယ်။ ချဉ်ဖတ်စိမ်ထားတဲ့
အရည်ထဲ သခွားသီး၊ စူကာသီး၊ ဖရုံသီးနု၊ ငရုတ်သီး၊ ပဲတောင့်တွေထည့်ပြီး
သခွားချဉ်၊ စူကာချဉ်၊ ဖရုံချဉ်၊ ပဲတောင့်ချဉ်တွေအဖြစ်
အသားတွေနဲ့ကြော်စားပါတယ်။ ချဉ်ဖတ်နဲ့ လုပ်စားလို့ရတာတွေက
အများကြီးပါ။

ကျွန်မတို့ငယ်ငယ်က ရွာမှာ မုန့်ပဲသရေစာတွေ သိပ်မရှိတော့ နေ့လယ်၊
နေ့ခင်းဆိုရင် မုန်ညင်းဖူးနဲ့လုပ်ထားတဲ့ ချဉ်ဖတ်ကို ငရုတ်သီးခြောက်
မီးဖုတ်ချေထည့်ပြီး သုပ်စားကြတယ်။ ထမင်းကြမ်းခဲနဲ့ပဲစားစား၊
ဒီအတိုင်းပဲစားစား ပူပူပြင်းပြင်း နေ့လယ်ခင်းမှာ စားရတာ
အရမ်းအရသာရှိပါတယ်။

ဒီလိုရက်တိုတိုထားတဲ့ ချဉ်ဖတ်က လုပ်ရလွယ်ကူပါတယ်။
ကျွန်မတို့အိမ်မှာ ပြုလုပ်တဲ့နည်းကို လုပ်စားချင်သူတွေ
လုပ်စားလို့ရအောင် မျှဝေလိုက်ပါတယ်။

(၁) ပထမဆုံး မုန်ညင်းစိမ်း အပင်ရှည်တွေ ဒါမှမဟုတ်
မုန်ညင်းဖူးတွေကိုညိုးအောင် နေအရင်လှန်းပါတယ်။

(၂) မုန်ညင်းတွေညိုးသွားရင် ရေဆေးပြီး စစ်ထားလိုက်ပါတယ်။

(၃) ချဉ်ဖတ်လုပ်ဖို့ထည့်မယ့်အိုးကိုလည်းရေသေချာဆေးပြီး
အခြောက်ခံထားလိုက်ပါတယ်။(ကျွန်မအကြံပြုချင်တာက
ဖန်ပုလင်းဖြစ်ဖြစ်၊ စဥ့်အိုးဖြစ်ဖြစ် သုံးတာကောင်းပါတယ်။
ကော်ဗူးတွေ မသုံးစေချင်ပါဘူး။ အချဉ်ဖောက်မှာဆိုတော့
ကော်ဗူးနဲ့ဆိုရင်မကောင်းဘူးထင်လို့ပါ။)

(၄) ထမင်းရည်ငှဲ့ချက်ရင် ထမင်းရည်ငှဲ့ထားပါ။
ရေခမ်းချက်ရင် ဆန်ပြုတ်ကို ရေကျဲကျဲနဲ့ကျိုပြီး
အအေးခံထားလိုက်ပါတယ်။

(၅) ရေစစ်ထားတဲ့မုန်ညင်းကို အိုးထဲထည့်ပြီး
ထမင်းရည်လောင်းထည့်ပါတယ်။ ဆားထည့်လည်းရတယ်။
မထည့်လည်းရပါတယ်။ ဒါက ကိုယ့်စိတ်ကြိုက်ပါ။
ပြီးရင် အဖုံးလုံလုံဖုံးပြီး တစ်နေရာရာမှာ ထားထားလိုက်ပါတယ်။
မြန်မြန်ချဉ်ချင်ရင်တော့ အပူချိန်များတဲ့နေရာမှာထားလို့ရပါတယ်။
ဥပမာ- မီးဖိုဘေးမှာ၊ နေရောင်ရတဲ့နေရာမှာမုန်ညင်းကို
အပင်လိုက်ထည့်ထည့်၊ တိုတိုလေးဖြတ်ထည့်ထည့်
ကြိုက်သလိုထည့်လို့ရပါတယ်။ ထမင်းရည် အရမ်းပျစ်နေရင်တော့
ရေကျက်အေးရောလို့ရပါတယ်။ တစ်ပတ် ၁၀ရက်လောက်ဆိုရင် ချဉ်ပါပြီ။
အပူချိန်များတဲ့နေရာဆိုရင် ပိုအချဉ်မြန်ပါတယ်။ ချဉ်သွားတဲ့မုန်ညင်းက
စိမ်လေချဉ်လေမို့ သိပ်မချဉ်စေချင်ရင် မုန်ညင်းတွေထုတ်ပြီး
ရေခဲသေတ္တာထဲထည့်ထားနိုင်ပါတယ်။ လိုအပ်တဲ့အခါ အလွယ်တကူ
ထုတ်ယူစားနိုင်ပါတယ်။ မုန်ညင်းစိမ်ပြီးသားအရည်ကိုတော့
အပေါ်ကပြောခဲ့သလိုအချဉ်ရည်ပဲလုပ်လုပ်၊ အသုပ်ထဲပဲထည့်ထည့်၊
အဲဒီအရည်ထဲ စူကာသီး၊ သခွားသီး၊ ပဲတောင့်၊ မုန်လာဥတွေ
ကိုယ်ကြိုက်တဲ့အရာတွေထည့်ပြီး အချဉ်တည်စားနိုင်ပါတယ်။
ထည့်မယ့်ပစ္စည်းကို ရေဆေး၊ ရေစစ်ပြီး ထည့်နိုင်ပါတယ်။
အထူးသတိပြုရမှာက ချဉ်ဖတ်လုပ်တဲ့ အစမှအဆုံးထိ
“ဆီ” လုံးဝမထိရပါဘူး။ ဆီထိရင် ပုပ်ပါတယ်။
နာက်ထပ်ထည့်မယ့်အရာတွေလည်း ဆီမထိအောင်
သတိထားထည့်ရပါတယ်။

ကိုယ်တိုင်လုပ်ချဉ်ဖတ်က ဈေးထဲမှာအထုပ်တွေနဲ့ရောင်းတဲ့
ချဉ်ဖတ်ထက် ပိုမွှေးပါတယ်။ ဈေးထဲမှာရောင်းတာတွေက
ဆိုးဆေးတွေ၊ အချဉ်မှုန့်တွေပါတတ်တာကြောင့် ချဉ်ဖတ်ကို
ကိုယ်တိုင်လုပ်စားချင်သူတွေအတွက် အိမ်မှာလုပ်စားနေကျ
ချဉ်ဖတ်တည်နည်းအတိုင်း မျှဝေလိုက်ပါတယ်။
မုန်ညင်းရာသီရောက်ရင် ဟင်းတစ်မျိုးတိုးပါစေ။

နိုင်းနိုင်းစနေ

Twitter Delicious Facebook Digg Stumbleupon Favorites More