Pages - Menu

22 Sept 2013

သွေးဖိအား ပုံမှန်ဖြစ်စေရန် ထိန်းသိမ်းပေးနိုင်သော အစားအစာများ

သွေးတိုးရောဂါဆိုတာ အသံတိတ် လူသတ်သမားပါ။ သွေးတိုးရောဂါကို ကာကွယ်ဖို့ သင့်ခန္ဓာကိုယ်တွင်း သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ဖို့ လိုပါတယ်။

(၁) လိမ္မော်သီး

လိမ္မော်သီးမှာ ဗီတာမင်စီ များစွာပါဝင်ပြီး ဗီတာမင်စီက သွေးဖိအားမြင့်တက်မှု မရှိအောင် ထိန်းသိမ်းပေးပါတယ်။ လိမ္မော်သီးကို ဖျော်ရည်လုပ်သောက်ပါက ဗီတာမင်စီ များစွာရရှိပြီး အသီးအတိုင်းစားပါက အမျှင်ဓာတ်ကိုပါ ရရှိနိုင်ပါတယ်။

အခြားမှ ရရှိနိုင်သည်များ

ဗီတာမင်စီကို လိမ္မော်သီးအပြင် မာလကာသီး၊ စတော်ဘယ်ရီသီး၊ ဂရိတ်ဖရုသီး၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီးနဲ့ ငရုတ်သီး စတာတွေကနေလည်း ရရှိနိုင်ပါတယ်။

(၂) အဆီထုတ်ထားသော နွားနို့

အဆီထုတ်ထားတဲ့ နွားနို့သောက်သုံးတာက သင့်အရိုးတွေ သန်မာစေပါတယ်။ ဒါ့အပြင် နွားနို့မှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်တွေ ပါဝင်တာကြောင့် သွေးဖိအားကိုလည်း လျော့နည်းစေပါတယ်။

အခြားမှ ရရှိနိုင်သည်များ

အစေ့အဆန်တွေ၊ ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ ပေါင်မုန့်၊ ကယ်လ်စီယမ် ဖြည့်စွက်ထားတဲ့ ဖျော်ရည်တွေကနေလည်း ကယ်လ်စီယမ်ကို ရရှိနိုင်ပါတယ်။

(၃) ငှက်ပျောသီး

ငှက်ပျောသီး စားသုံးတာက သွေးဖိအားကို အမှန်တကယ် လျော့နည်းစေပါတယ်။ ငှက်ပျောသီးမှာ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးဖိအားကို လျော့နည်းစေပြီး ပုံမှန်သွေးဖိအားဖြစ်အောင် ထိန်းပေးပါတယ်။

အခြားမှ ရရှိနိုင်သည်များ

အာလူး၊ ခရမ်းချဉ်သီး၊ တရုတ်ဆီးသီးနဲ့ ပဲအမျိုးမျိုးကနေလည်း ပိုတက်စီယမ်ကို ရရှိနိုင်ပါတယ်။

(၄) ကန်စွန်းဥ

ကန်စွန်းဥမှာ ပိုတက်စီယမ်များစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်က ခန္ဓာကိုယ်တွင်း ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ အားပေးပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဖယ်ရှားလိုက်ပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။ အခွံမနွှာဘဲ စားပေးပါက အမျှင်ဓာတ်ပါ ပိုမိုရရှိစေပါတယ်။

အခြားမှ ရရှိနိုင်သည်များ

မုန်လာဥ၊ ပဲဖြူလေး၊ အဆီထုတ်ထားတဲ့ ဒိန်ချဉ်တွေကနေ ပိုတက်စီယမ်ကို ရရှိနိုင်ပါတယ်။

(၅) ဟင်းခတ်အမွှေးအကြိုင်များ

ဟင်းချက်တဲ့အခါ ဟင်းလျာတွေကို စားချင့်စဖွယ်ဖြစ်အောင် အမွှေးအကြိုင် ခတ်တတ်ကြပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ချက်ပြီး စားသုံးတာက သွေးဖိအားကို လျော့နည်းစေပါတယ်။

အခြားမှ ရရှိနိုင်သည်များ

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှလကာရည်၊ ရှောက်ရည်တွေဟာလည်း သွေးဖိအား ကျဆင်းစေဖို့ ကူညီပေးပါတယ်။

(၆) ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာ အိုမီဂါ-၃ အဆီပါဝင်ပြီး သွေးဖိအားကို လျော့နည်းစေတာ၊ သွေးတွင်းကောင်းတဲ့ ကိုလက်စထရောကို မြင့်ပေးတာ၊ မကောင်းတဲ့ ကိုလက်စထရောကို လျှော့ချပေးတာ၊ သွေးခဲဖြစ်ပေါ်မှုကို လျှော့ချပေးတာ စတဲ့ စွမ်းအင်တွေ ပေးစွမ်းပြီး ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ တစ်ပတ်ကို ဆယ်လ်မွန်ငါး ၃-၅ အောင်စလောက် စားသုံးသင့်ပါတယ်။

အခြားမှ ရရှိနိုင်သည်များ

ဆာဒင်းငါး၊ ဂုန်လျှော်စေ့ စတာတွေကနေလည်း အိုမီဂါ-၃ ကို ရရှိနိုင်ပါတယ်။

(၇) ချောကလက်အညိုရောင်

ချောကလက်မှာ စိတ်ခံစားမှုကောင်းစေတဲ့ အရာတွေ ပါဝင်တဲ့အပြင် သွေးဖိအားကို လျော့နည်းစေပြီး လေဖြတ်နိုင်ခြေကို လျှော့ချနိုင်တဲ့ ဖလေဗိုနွိုက်တွေ များစွာပါဝင်ပါတယ်။ အညိုရောင်ချောကလက်က သွေးကြောနံရံတွေ ပျော့ပျောင်းစေပြီး သွေးဖိအားကို လျော့နည်းစေပါတယ်။

အခြားမှ ရရှိနိုင်သည်များ

ကိုကိုး ပူပူတစ်ခွက်ကို သကြားမထည့်ဘဲ သောက်သုံးပါကလည်း သွေးဖိအားကို လျော့နည်းစေပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Ref: Good Health
Yatanarpon.

Twitter Delicious Facebook Digg Stumbleupon Favorites More