သင့်ကျန်းမာရေး ကောင်းမွန်အောင် ဟင်းခတ်အမွှေးအကြိုင် သုံးကြစို့
ဂျော်ဂျီယာ တက္ကသိုလ်မှ သုတေသန ပြုလုပ်ချက်အရ ဟင်းခတ်အမွှေးအကြိုင်တွေဟာ
သင့်ကျန်းမာရေးအတွက် အလွန်အသုံးဝင်ကြောင်း သိရပါတယ်။
ဟင်းခတ်အမွှေးအကြိုင်ကို အများကြီး အသုံးပြုစရာ မလိုအပ်ပါဘူး။
ဟင်းတွေအပေါ် အနည်းငယ် ခတ်လိုက်တာနဲ့ ကျန်းမာရေးအတွက် ကြီးမားတဲ့
အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
ဟင်းခတ်အမွှေးအကြိုင်မှာ ပါဝင်တဲ့ လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိ
ဒြပ်ပေါင်းတွေဟာ သိပ်သည်းမှု ပြင်းအားများစွာ (Concentrated)
ပါဝင်နေလို့ပါ။ သင့်ကျန်းမာရေးအတွက် ဟင်းခတ်အမွှေးအကြိုင်တွေ ဘယ်လို
အကျိုးပြုနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
လေးညှင်းပွင့်အသုံးပြုပြီး ကျန်းမာအောင်နေပါ
လေးညှင်းပွင့်မှာ Eugenol တွေ အများကြီး ပါဝင်ပါတယ်။ Eugenol ဟာ
မှိုပိုးနဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို သုတ်သင်နိုင်ပြီး ရောင်ရမ်းမှု
လျော့ကျစေတဲ့ ဂုဏ်သတ္တိလည်းရှိတာမို့ သင့်ကို ဖျားနာခြင်း မဖြစ်ခင်မှာဘဲ
ရောဂါပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ဒါ့အပြင် သွေးခဲမှု မဖြစ်အောင်လည်း
ကာကွယ်နိုင်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်တွေ ကျဆင်းစေကာ
ကောင်းတဲ့ ကိုလက်စရော အဆင့်တွေ မြင့်တက်စေ နိုင်ပါတယ်။
သစ်ကြံပိုးခေါက် အသုံးပြုပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်တာကို ကာကွယ်ပါ
USDA က ပြုလုပ်တဲ့ နောက်ဆုံး သုတေသန ပြုလုပ်ချက်အရ
သစ်ကြံပိုးခေါက်မှုန့်ကို နေ့စဉ် ထမင်းစားဇွန်း တစ်ဇွန်း အသုံးပြုသူတွေဟာ
သွေးတွင်းသကြားအဆင့် ကျဆင်းနိုင်တာ၊ သဘာဝ အင်ဆူလင်ထုတ်လုပ်မှုကို
ထိန်းချုပ်နိုင်တာနဲ့ ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်မြင့်တက်မှုကို ၂၆
ရာခိုင်နှုန်းထိ လျှော့ချနိုင်ပြီး သွေးကြောအတွင်းရှိနေတဲ့
တခြားအဆီတွေကိုလည်း လျှော့ချကာ သွေးကြောတွင်း သွေးခဲမှု မဖြစ်အောင်
ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ သစ်ကြံပိုးခေါက်ရဲ့ လျှို့ဝှက်ချက်က သူ့မှာ
ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ မျိုးစုံပါဝင်လို့ပါ။ ထမင်းစားဇွန်း တစ်ဇွန်းစာ
သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ သလဲသီး
ဖျော်ရည်တစ်ခွက် ဒါမှ မဟုတ် ဘလူးဘယ်ရီသီး ခွက်တစ်ဝက်စာ ပမာဏနဲ့
တူညီပါတယ်လို့ သုတေသန ပြုသူတွေက ဆိုပါတယ်။
ပင်စိမ်းရွက် (Sage) အသုံးပြုပြီး အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပါ
လေ့လာမှု အသစ်တွေအရ ပင်စိမ်းရွက်ဟာ ဦးနှောက်စွမ်းအားကောင်းစေပြီး
မှတ်ဉာဏ်မကျဆင်းအောင် ကာကွယ်နိုင်ကာ အယ်လ်ဇိုင်းမားနဲ့ သူငယ်ပြန်ရောဂါ
(Dementia) ဖြစ်နိုင်ခြေနည်းအောင် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။
ပင်စိမ်းရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ
မှတ်ဉာဏ်မေ့လျော့တာကို ကာကွယ်ပြီး တက်ကြွမှု ရှိစေတဲ့ အာရုံကြော
ဆက်သွယ်မှုကို (neurotrasmitter) ချိုးဖျက်နိုင်တဲ့ အင်ဇိုင်းတွေ
ထုတ်လုပ်မှုကို နှေးကွေးစေနိုင်တာကြောင့်ပါလို့ သုတေသီတွေက ဆိုပါတယ်။
ငရုတ်သီးမှုန့် အသုံးပြုပြီး ဆာလောင်မှု လျော့အောင်လုပ်ပါ
အစာစားတာ လွန်ကဲမှုမဖြစ်အောင် သင်စားတဲ့အစာထဲ ငရုတ်သီးမှုန့် (chili pepper)
ထည့်စားပါ။ Capsaicin ပါဝင်တဲ့ ငရုတ်သီးမှုန့် ပါဝင်တဲ့ဟင်းနဲ့
ထမင်းစားတာကြောင့် အစာစားချင်စိတ်ကို ချိုးနှိမ်တဲ့ GLP အဆင့်တွေ
မြင့်တက်သွားပြီး အစာစားချင်စိတ်ကို လှုံ့ဆော်တဲ့ ghrelin အဆင့်တွေ
ကျဆင်းသွားတာကြောင့် ဆာလောင်မှုတွေ လျော့ကျ သွားပါတယ်။
T i p s !
Purdue တက္ကသိုလ်မှ သုတေသန ပြုလုပ်ချက်အရ ငရုတ်သီးမှုန့်ဟာ သင်ရဲ့
ဇီဝရုပ်ဖြစ်ပျက်မှုကို လှုံ့ဆော်နိုင်တာကြောင့် ဝမ်းဗိုက်အဆီကို ပျော်ဝင်
စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ခရမ်းချဉ်သီးအနှစ် အသုံးပြုပြီး ကင်ဆာရောဂါကို ကာကွယ်ပါ
ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အစွမ်းထက် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း Lycopene ဟာ
ကင်ဆာမှအစပြုပြီး နှလုံးရောဂါအထိ ရောဂါအမျိုးမျိုးရဲ့ ဖြစ်နိုင်ခြေကို
လျှော့ချနိုင်ပါတယ်။ ခရမ်းချဉ်သီးအနှစ်မှာ ပါဝင်တဲ့ Lycopene ပမာဏဟာ
ရိုးရိုးခရမ်းချဉ်သီးမှာ ပါဝင်တာထက် သုံးဆပိုများပါတယ်။ ခရမ်းချဉ်သီးကို
အဆီနဲ့ရောပြီး ချက်ထားရင် သင့်ခန္ဓာကိုယ်က Lycopene ကို စုပ်ယူမှု
အကောင်းဆုံးမို့ပါ။
ဇာတိပ္ဖိုလ်သီး အသုံးပြုပြီး စိုးရိမ်စိတ်ကို လျှော့ချပါ
ဇာတိပ္ဖိုလ်သီးကို စားသုံးတာကြောင့် စိတ်ဖိစီးမှုတွေ လျော့သွားပြီး
အိပ်စက်မှု ကောင်းမွန်စေနိုင်ပါတယ်။ ဇာတိပ္ဖိုလ်သီးမှာ ပါဝင်တဲ့
Phenylpropanoids ခေါ်တဲ့ ဒြပ်ပေါင်းဟာ အာရုံကြောစနစ်ကို အေးချမ်းစေပြီး
ညသန်းခေါင် တစ်ရေးနိုးခြင်း မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက
ဆိုပါတယ်။ ဒါ့အပြင် ဇာတိပ္ဖိုလ်သီးမှာ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့
ဗီတာမင် C နဲ့ ကယ်လ်စီယမ်တွေလည်း များစွာပါဝင်တယ်လို့ ဆိုပါတယ်။
ဇာတိပ္ဖိုလ်သီးကို စားရမှာ ခက်ခဲနေရင် Pumpkin pie (ရွှေပုစွန်
ကိတ်မုန့်ဆိုင်မှာ ရောင်းတတ်ပါတယ်) ဝယ်စားပါ။ ကန်စွန်းဥ Sauce လုပ်ရာမှာ
အသုံးပြုနိုင်သလို နွားနို့ပူပူထဲမှာလည်း အမှုန့်ကြိတ်ပြီး
ထည့်သောက်လို့ရပါတယ်။
ဒေါက်တာ ခင်မိုးမိုး
BY GOOD HEALTH
22 Sept 2013
ကျန်းမာရေးအတွက်ဟင်းခတ်အမွှေးအကြိုင်သုံးပါ
Sunday, September 22, 2013
Taunzalat