Pages - Menu

10 Nov 2013

အာလူးကက်သလိတ်ကြော်နည်း

အဆာသွတ်ဖို့အတွက် ဆိတ်သားကို သုံးပါတယ်။ ဆိတ်သားကို နုတ်နုတ်စဉ်းပြီး အသားမှုန့်၊ ဆား၊ မဆလာနဲ့ နယ်ပြီး နှပ်ထားပါ။ ကြက်သွန်နီကိုလည်း ခပ်ကြမ်းကြမ်း စဉ်းထားပါ။

ဆီပူအိုးတည်ပြီး နနွင်းမှုန့်အနည်းငယ် ထည့်ပါ။ ဆိတ်သားထည့်ပြီး ကြော်ပါ။ ကျက်အောင် ရေအနည်းငယ် ထည့်ပါ။ ရေခန်းရင် ကြက်သွန်ထည့်ပါ။ အသားမှုန့်၊ ဆားထည့်ပါ။ ကြက်သွန်အိသွားတဲ့အထိ ကြော်ပါ။ ကြက်ဥတစ်လုံးကို အကာနဲ့ အနှစ် သပ်သပ်စီ ခွဲထားပါ။ ချခါနီးမှာ သပ်သပ်ခွဲထားတဲ့ ကြက်ဥအနှစ် ထည့်မွှေပါ။ ခပ်ခြောက်ခြောက်လေးဖြစ်သွားရင် ပန်းကန်တစ်လုံးထဲခပ်ပြီး အအေးခံထားပါ။

အာလူးကို နူးအောင် ပြုတ်ပါ။ နူးအိနေရင် ဆယ်ပြီး အခွံခွာ၊ ငရုတ်ဆုံထဲ ထည့်၊ စေးနေအောင်ထောင်းပါ။ အရသာအတွက် ဆား၊ အသားမှုန့် ထည့်ပြီး ထောင်းရပါမယ်။

ကက်သလိတ်ကြော်ဖို့အတွက် ထောင်းထားတဲ့ အာလူးကို လက်ပေါ်တင်ပြီး ပြားပါ။ လက်ကို အာလူးမကပ်အောင် သပ်သပ်ဖယ်ထားတဲ့ ကြက်ဥအကာရည်လေး စွတ်ပြီး ကိုင်ရပါမယ်။ ပြီးရင် ကြော်ထားတဲ့ ဆိတ်သားအဆာကို ထည့်ပါ။ အပေါ်က အာလူးထောင်း အနည်းငယ် ထပ်တင်ပြီး ပိတ်ပါ။ အဆာတွေ ပေါက်မထွက်အောင် အဆာကို အများကြီး မထည့်ရပါဘူး။ ပြီးတော့ ပူလည်း မပူရပါဘူး။ လုံးပြီးသွားတဲ့အာလူးတွေကို ကြက်ဥအကာရည်သုတ်ပါ။ အဲဒီအတိုင်း အာလူးလေးတွေ လုံးပြီး စီထားပါ။

မီးအသင့်အတင့်နဲ့ ဆီပူအိုးတည်ပါ။ နနွင်းမှုန့်အနည်းငယ်ထည့်ပြီး အာလူးလုံးလေးတွေ ထည့်ကြော်ပါ။ ကြွပ်ကြွပ်ရွရွလေးဖြစ်အောင် ကြော်ရပါမယ်။

ထမင်းပူပူလေးကို ကက်သလိတ်ကြော် ဆီလေး ဆမ်း၊ ဆားလေးဖြူးပြီး အာလူးကက်သလိတ်ကြော် ကြွပ်ကြွပ်ရွရွလေးနဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

ခံတွင်းမြိန်စရာ မေ့လက်ရာ

Twitter Delicious Facebook Digg Stumbleupon Favorites More