Pages - Menu

6 Jun 2013

ကြက်ကြိတ်သားအပြားကြော်

 ပင်စိမ်း၊ ခရမ်းချဉ်သီးဆော့စ်နှင့် အီတလီဟင်းခတ်အမွှေးမှုန့် ကြက်ကြိတ်သားအပြားကြော်
အီတာလျှံစားဖိုမှူး မွေးစားအဘွားရဲ့ဟင်းလက်ရာလေးပါ။ ငယ်ငယ်ကဘယ်တော့မှ မငြင်းတဲ့ဟင်းပါ။
အခုထိလည်း အမြဲလိုလို ချက်စားဖြစ်ခဲ့ပါတယ်။ အဘွားကို ဒီဟင်း လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။
ဒီဟင်းကို ထမင်း၊ စပါကတီခေါက်ဆွဲတွေနဲ့တွဲစားလို့ရသလို ဘဲ့ဂတ်ပေါင်မုန့်ကြမ်းနဲ့လည်း
စားလို့ရသောကြောင့် များများလေးချက်ပြီးလေလုံတဲ့ထဲမှာထည့်ခဲထားပြီး စားခါနီးမှ
လိုသလိုပြန်နွေးပြီး သုံးဆောင်လို့ရပါတယ်။
ဒီဟင်းရဲ့ထူးခြားမှုလေးက တစ်ပွဲဆို ပုံစံအမျိုးမျိုးနဲ့စားသုံးလို့ရတဲ့အတွက် ချက်စားကြည့်လိုက်နော် . . . ။

ပါဝင်ပစ္စည်း
.................
၁။ ကြက်သား ကြိတ်သား-၅၀ ကျပ်သား
(ဆား၊ ဟင်းခတ်အမွှေးမှုန့်ဖြင့်နယ်နှပ်ထားပါ)
၂။ ခရမ်းချဉ်သီး -၂၅ ကျပ်သား (လေးစိတ် စိတ် ထားပါ)
၃။ အရောင်တင်မှုန့်(Paparika Powder) - စားပွဲဇွန်း ၁ဇွန်း
၎။ ဟင်းချက်မွှေးမှုန့် (Curry powder) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၅။ ဟင်းခတ်မွှေးမှုန့် (Italian Herbs) - လက်ဖက်ရည်ဇွန်း၁ဇွန်း
(City Mart, Market Place မှာဝယ်လို့ရပါသည်)
၆။ ဆား - အနည်းငယ်
၇။ ပုစွန်ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း (မစည်ရဲ့ အရသာအသစ်ပါ)
၈။ သံလွင်ဆီ-စားပွဲဇွန်း ၈ ဇွန်း (ဟင်းဆီသတ်ရန်)
၉။ ဟင်းရွက်ဆီ -၁၀ ကျပ်သား (ကြက်သား အပြားလေးတွေကြော်ဖို့)
၁၀။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း၁ဇွန်း
၁၁။ ကရဝေးရွက် - ၃ ရွက်
၁၂။ ကြက်သွန်နီ - ၅ လုံး (ထောင်းထားပါ)
၁၃။ ကြက်သွန်ဖြူ -၅ မြွှာ (ထောင်းထားပါ)
၁၄။ ချင်း - လက်တစ်ဆစ် (ထောင်းထားပါ)
၁၅။ ပင်စိမ်း (Sweet Basil) - ၅ ခက်လောက် (အရွက်တွေေ>ခထားပါ)
၁၆။ ငရုတ်သီးစိမ်း - ၈ တောင့်( ၃ ပိုင်းလောက်ပိုင်းထားပါ)

ချက်ပြုတ်နည်း
.......................
၁။ လက်ကိုဆီဆွတ်ပြီး နယ်နှပ်ထားသော
ကြက်ကြိတ်သားကို လက်၃လုံးလောက် အပြားလေးတွေ လုပ်ထားပါ။

၂။ ခရမ်းချဉ်သီးရဲ့ ထိပ်ကို ဓားနဲ့ ကြက်ခြေခတ်အရာပေးပြီးပြုတ်ပါ။
အခွံများလန်လာလျှင် ရေပူထဲကဆယ်ပြီး
ရေအေးထဲထည့်၍ အခွံခွာပါ။

၃။ ထောင်းထားသော ကြက်သွန်နီ၊ ဖြူ၊ ချင်း၊
ကရဝေးရွက်၊ အရောင်တင်မှုန့်၊ ဟင်းချက် အမွှေးမှုန့်၊
ငရုတ်သီးစိမ်း၊ သံလွင်ဆီနှင့် ပုစွန်ငံပြာရည်တို့ကို ဆီသတ်ပါ။
အနံ့လေး မွှေးပြီး အရောင်လှလာရင် မီးဖိုပေါ်ကချပြီး
ခဏဘေးဖယ်ထားပါ။

၎။ အခွံခွာပြီးသား ခရမ်းချဉ်သီးများကို ၄ စိတ်စိတ်ပါ။
အိုးထဲထည့်တည်ပါ။ ရေအနည်း ငယ်ဖြင့်
ဆူလာသည်အထိတည်ပါ။ ဆီသတ်ထားသောအနှစ်ကို
ခရမ်းချဉ်သီးနှစ်ထဲ သို့လောင်းထည့်ပြီး
မီးမျှဉ်းမျှဉ်းနဲ့ အားလုံးရောသွားတဲ့အထိမွှေပါ။

၅။ ကြက်သားအပြားလေးများကို
ဟင်းရွက်ဆီဖြင့်ကြွပ်ရွနေတဲ့အထိကြော်ပါ။
အနည်း ငယ်အေးအောင် အအေးခံပြီးမှ
ခရမ်းချဉ်သီးအနှစ်ထဲသို့ရောပြီးရေအနည်းငယ်ထည့် ပြီး
ပွတ်ပွတ်ဆူအောင်တည်ပါ။

၆။ ကျန်ပစ္စည်းများ ထပ်ထည့်ပါ။ ဆားမြည်းပြီး
လိုတာထပ်ဖြည့်ပါ။ ကြိုက်နှစ်သက်ရာနဲ့ စားသုံးလိုရပါပြီ။
စားခါနီး ပင်စိမ်းရွက်လေးနဲ့ ဟင်းပွဲကို အလှဆင်တော့
ပိုစားချင်စရာ လေး ဖြစ်သွားတာပေါ့။

** မှတ်ချက်- ပင်စိမ်းမကြိုက်သူများအတွက် ပူစီနံ(သို့)
နံနံပင်နဲ့အစားထိုးချက်လည်းရပါတယ်။

Syi Foodsgarden

Twitter Delicious Facebook Digg Stumbleupon Favorites More