Pages - Menu

13 Jul 2013

Sukiyaki ဟော့ပေါ့

ဂျပန်စတိုင်လ် Sukiyaki ဟော့ပေါ့ပါ။
သက်သတ်လွတ်ဖြစ်တာမို့ ဟင်းရွက်၊ ပဲပြား၊
ဂျပန်ခေါက်ဆွဲ စုံစုံလင်လင်ဖြင့် မိသားစု (သို့)
သူငယ်ချင်းတို့နဲ့ အတူတူ ဟော့ပေါ့
လုပ်စားနိုင်အောင်ပါ။ဟော့ပေါ့အရည်က
အရသာ ချိုဆိမ့်တဲ့အရသာရရှိမှာပါ။

ပါဝင်ပစ္စည်းများ
....................
၁။ Sukiyaki ခေါက်ဆွဲ -၂၅၀ ဂရမ်
၂။ မှိုခြောက်ပွင့်-၁၀ခု (ရေနွေးဖြင့်ပြုတ်ပြီး အညှာဖယ်ပေးပါ)
၃။ Enoki မှို (သို့) Shimeji မှို -၂ထုပ်
၎။ ဂျပန်တိုဟူး -၃၀၀ ဂရမ် (အတုံးသေးများ တုံးထားပါ)
၅။ တရုတ် နံနံ -၁ခွက်စာ (၁လက်မအရွယ် ပိုင်းဖြတ်ပါ)
၆။ ကြက်သွန်မြိတ် -၂စည်း (အစောင်းပါးပါးလှီးပါ)
၇။ ကြက်ဥ -၃လုံး (ခလောက်ထားပါ)(Optional)

ဆော့စ်ရည်တွင် ပါဝင်ပစ္စည်းများ
..........................................
၁။ ဆာကေး(ဆန်ဝိုင်) - ၁ခွက်
၂။ Mirin(ဆန်ဝိုင်ချို) - ၁ခွက်
၃။ ပဲငံပြာရည်(အကြည်) - ၁ခွက်
၎။ သကြား - စားပွဲဇွန်း ၄ဇွန်း
၅။ ရေ - ၂၀၀ မီလီလီတာ

ပြင်ဆင်နည်း
................
၁။ ဆော့စ်ရည် ပါဝင်ပစ္စည်းများဖြစ်သော
(ဆာကေး၊Mirin၊ ပဲငံပြာရည်၊ သကြား၊ ရေ) တို့ကို
ဒယ်အိုးထဲထည့်ပြီး သကြားအရည်ပျော်သည်အထိ
၁မိနစ်ခန့်တည်ပြီး ပြန်ဖယ်ထားပါ။

၂။ ဒယ်အိုးတစ်ခုထဲ ရေများများထည့်ပြီး
ဆူလာလျှင် ဆား(လက်ဖက်ရည်ဇွန်း တစ်ဝက်)၊
ခေါက်ဆွဲများကို ၁မိနစ်ခန့် ထည့်ပြုတ်ပေးပြီး
ဆန်ခါဖြင့်ပြန်ဆယ်ပေးပါ။


ဟော့ပေါ့ပြုလုပ်နည်း
..........................
၁။ Electric Pot အိုးထဲသို့ ဆီ(စားပွဲဇွန်း ၁ဇွန်း)
ထည့်ပေးပြီး ဆီပူလာလျှင် တိုဟူးများကို
အညိုရောင်သမ်းသည်အထိ ကြော်ပေးပါ။

၂။ ထို့နောက် ဆော့စ်ရည်တစ်ဝက်လောင်းထည့်ပေးပြီး
ဆူသည်အထိ တည်ထားပါ။

၃။ ဆူလာလျှင် ကြက်ဥမှ လွဲ၍ (တိုဟူး၊ ခေါက်ဆွဲ၊ မှို၊
ကြက်သွန်မြိတ်၊ တရုတ်နံနံ) တို့ကို ထည့်ပေးပါ။

၎။ ပြီးနောက် အဖုံးအုပ်ပြီး မီးအသင့်တင့်ဖြင့်
တည်ထားပါ။ ဟင်းရွက်များ၊ တိုဟူးများ ထပ်ထည့်လျှင်
ဆော့စ်ရည် ထည့်ပေးပါ။

၅။ ဟင်းရွက်များ နွမ်းသွားလျှင် ကြက်ဥခွက်ထဲ
ဟင်းရွက်များကို နှစ်ပြီး Sukiyaki ဂျပန် ဟော့ပေါ့ကို
စိတ်ကြိုက်သုံးဆောင်လို့ရပါပြီ။


• Wutyee Food House
http://www.wutyeefoodhouse.com/

Twitter Delicious Facebook Digg Stumbleupon Favorites More