Pages - Menu

26 Jan 2014

ငါးတန် ပဲငါးပိ (၂ယောက်စာ)

ပရိသတ်ကြီးရေ ဒီတစ်လတော့ ရေထဲမှာပဲ နေပါရစေ။ ကြက်၊၀က်၊
အသီးအရွက် တွေနောက်မှာတော့ ငါးနဲ့ ပုစွန်ကို ဒီတစ်လမှာ
ခပ်ဆန်းဆန်းလေးတွေ ချက်ဖို့ တင်ပြပေးပါ့မယ်။
ကျွန်တော် တာဝန်ယူရတဲ့ Food & Travel မှာလည်း
ငါးခြောက် နဲ့ပုစွန်ချက်နည်း သုပ်နည်းလေးတွေ ထည့်ပေးထားပါတယ်။
အရသာရှိတဲ့ ဟင်းလျာတွေကို စရိတ်နည်းနည်းနဲ့ အချိန်တိုတိုအတွင်းမှာ
ချက်ပြုတ်နိုင်အောင် ရည်ရွယ် တင်ဆက်ပေးနေတဲ့ ဒီအစီအစဉ်မှာ
ဒီလအတွက် ငါးတန်ပဲငါးပိ ဟင်းပွဲလေး တင်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ
.......................
• ငါးတန် - ၂၀ သား
(အရိုးလွတ်သော အပိုင်းရွေးထုတ်ပြီး အရေခွံဖယ်ထုတ်ပါ)
• UFL ပဲငါးပိ - စားပွဲဇွန်း ၁ဇွန်းခွဲ
• ခရုဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ဆီ - စားပွဲဇွန်း ၄ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• ထိုင်ဝမ်မုန်ညင်း - ၃ပင် (ထက်ခြမ်း ခြမ်းထားပါ)
• ချင်း - ပါးပါးရှည်ရှည် လှီးထားပါ
• ရေနွေး - မုန်ညင်းပြုတ်ရန်

ချက်ပြုတ်ပုံ
..................
၁။ ရေနွေးဆူဆူမှာ သကြားအနည်းငယ်ခတ်ပြီး ထိုင်ဝမ်မုန်ညင်းများကို
မိနစ်ဝက်ခန့်ပြုတ်ပြီး ဆယ်ထားပါ။

၂။ ငါးတန်အသားတုံး နှစ်တုံးလှီးပြီး ဆားအနည်းငယ်
ငရုတ်ကောင်းတို့နှင့် အရသာ သွင်းထားပါ။

၃။ ဆီ စားပွဲဇွန်း သုံးဇွန်းခွဲကို အကြော်အိုးတွင် အပူပေးပြီး
မီးပျော့ပျော့ဖြင့် အရသာ သွင်းထားသော ငါးတန်များကို ကြော်ပါ။
အထက်အောက် အကျက်ညီစေရန် လှန်ပေးပါ။ အသားများ အ၀ါရောင်
သန်းလာလျှင် ဆယ်ပြီး အအေးခံထားပါ။

၎။ ဆော့စ်ချက်ရန် ကျန်သော ဆီ ထမင်းစားဇွန်းတစ်ဝက်ကို
အိုးတစ်လုံးတွင် အပူပေးပါ။ သကြားထည့် ပြီး သကြားညိုလာအောင် ကြော်ပါ။

၅။ ချင်း၊ ပဲငါးပိ၊ ခရုဆီတို့ထည့်ပါ။ ရေအနည်းငယ် ထည့်ပေးပါ။
ဆော့စ်အရည်ပျစ်ပျစ် ရလျှုင် ပြင်ဆင်ရန် အဆင်သင့်ဖြစ်ပါပြီ။

၆။ ပန်းကန်ပြား တစ်ချပ်တွင် ပြုတ်ထားသော မုန်ညင်းများကို စီထားပါ။
အပေါ်မှ ကြော်ထားသော ငါးတုံးများကို စီပြီး တင်ပါ။
နောက်ဆုံး အပေါ်မှ ပဲငါးပိဆော့စ်ရည် လောင်းပါ။

ဒီဟင်းဟာ ပုံစံသုံးမျိုး ချက်ပြုတ်ရပေမဲ့ လွယ်ကူရိုးရှင်းပါတယ်။
အမြင်ဆန်းပြီး အရသာရှိတဲ့ ဟင်းတစ်ခွက်ကို လွယ်လွယ်ကူကူ
ဖန်တီးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

(2000 Ks / 20 min)
.............
သစ်ထူး
.............
https://www.facebook.com/pages/MY-FOODIESmm

Twitter Delicious Facebook Digg Stumbleupon Favorites More