Pages - Menu

18 Jun 2014

ကြက်ခြေထောက် အရေခွံသုပ်

ကြက်ခြေထောက် အရေခွံခွါပြီးသား ဝယ်မရတာနဲ့ မစားရဘူး မဖြစ်ရအောင် ကိုယ်တိုင်ခွါပြီး သုပ်ကြရအောင်…..

**... ကြက်ခြေထောက် အရေခွံခွါရန် အတွက် လိုအပ်တာလေးတွေ…

1. ခြေသည်းများဖြတ်ကာ အကြေးခွံခွါထားသော ပြည့်ပြည့်ဖြိုးဖြိုး ကြက်ခြေထောက် – ၁၅ ချောင်း
2. ရှာလကာရည်(vinegar) – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
3. ပွက်ပွက်ဆူနေသော ရေ – ကြက်ခြေထောက် မြှုပ်မည့် ပမာဏ
4. ခဲလုနီးပါးအေးနေသော ရေ – ကြက်ခြေထောက် မြှုပ်မည့် ပမာဏ
5. ရေခဲတုံး – 2 cups (500 ml)ခန့်

ကြက်ခြေထောက် မြှုပ်လောက်အောင် ထည့်ထားသည့် ရေ ပွက်ပွက်ဆူလာလျှင် ရှာလကာရည် နှင့် ကြက်ခြေထောက်များကို ထည့်ပါ။

အိုးအဖုံး အနည်းငယ်ဟပြီးဖုံးကာ medium heat ဖြင့် ၁၅ မိနစ် နှင့် မိနစ် ၂၀ ကြား ပြုတ်ပေးပါ။ (နူးအိသွားအောင် မပြုတ်ရပါ။)

ပြီးလျှင် ရေပူများသွန်ပစ်ပြီး ရေခဲစိမ်ထားသည့် ရေခဲရေထဲ ချက်ချင်း ထည့်ပေးပါ။

 (အရမ်းပူနေရာမှ အရမ်းအေးသွားသောကြောင့် ကျုံ့ပြီးမာသွား သဖြင့် ခွါရလွယ်ကူသွားစေပါတယ်။)

ဓါးဦးချွန်ကို သုံးပြီး ခြေခလယ်အောက်၊ ခြေဖဝါးနေရာမှစ၍ အရိုးကိုထိပြီး လှီးချပေးပါ။

ပြီးလျှင် ဘေးတစ်ဖက်စီကိုခွါချပေးပြီး ပေါ်လာသည့် အလယ်ရိုးအကြီးကို ချိုးလိုက်ပါ။

အလယ်ရိုးအကြီးချိုးပြီးလျှင် ခြေချောင်းကလေးများ၏ အလယ်နေရာများကို ဓါးဖြင့်ခွဲပြီး အရိုးအသေးလေးများကို ထုတ်ပေးပါ။

ကျန်သည့် ခြေထောက်များအားလုံးကို ဤနည်းအတိုင်း အရိုးထုတ်ပေးပါ။

**... ကြက်ခြေထောက် အရေခွံသုပ်ရန် အတွက် လိုအပ်တာလေးတွေ…

1. အရိုးထုတ်ပြီးနောက် ကြိုက်နှစ်သက်သလို ဖဲ့ရွဲ့ထားသော ကြက်ခြေထောက် – ၁၅ ချောင်း
2. အစေ့ထုတ်ပြီး ပါးပါးလှီးထားသည့် ခရမ်းချဉ်သီး – 1 cup (250 ml)ခန့်
3. ပါးပါးလှီးပြီးနောက် ရေဆေးထားသော ကြက်သွန်နီ – 1 cup (250 ml)ခန့်
4. လက်ဆစ်တစ်ဝက်အရှည်ခန့် လှီးထားသည့် နံနံပင် နှင့် ကြက်သွန်ပင် (သို့)

 ပူစီနံ – 1 cup (250 ml)ခန့်
5. သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်းခွဲ
6. ငါးငံပြာရည် – ထမင်းစားဇွန်း ၅ ဇွန်း
7. chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
8. ready made ground chilli – လက်ဖက်ရည်ဇွန်း ၅ ဇွန်း (ထောင်း (သို့) တောက်တောက်စင်းထားသော ငရုတ်သီးစိမ်း နှင့် အရောင်လှအောင် ငရုတ်ဆီကို အစားထိုးနိုင်)

အားလုံးကို ဇလုံထဲထည့်ကာ ခပ်ဖွဖွရောနယ်သုပ်လိုက်လျှင် ချဉ်ချဉ် ငံငံ စပ်စပ် စားကောင်းလှသော ကြက်ခြေထောက် အရေခွံသုပ်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

by Chaw Su's Food Friends

Twitter Delicious Facebook Digg Stumbleupon Favorites More