Pages - Menu

8 Dec 2012

ကြက်သားအာလူး

ဒီတစ်ခေါက်ချက်တဲ့ ကြက်သားအာလူးဟင်းက ပုံစံတစ်မျိုးနဲ့ ချက်ထားတာပါနော်။  ကြက်သားအာလူးဟင်းချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့
 ကြက်သား၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ နနွင်းမှုန့်နဲ့ ဆီတို့ပါနော်။

ကြက်သားကို သန့်စင်အောင် ဆေးကြောပြီးတော့ ဆား၊ သကြား၊ ဟင်းခတ်မှုန့် အနည်းငယ်တို့နဲ့ နယ်ပါတယ်။
 ပြီးတော့ ချင်းအ၀ိုင်းလိုက်လေးတွေ လှီးထည့်ပြီး ကြက်သားကို ဒယ်အိုးထဲထည့်ပြီး အသားထဲက ထွက်တဲ့ရေနဲ့ ခမ်းအောင် အရင်တည်ပါတယ်။
 အသားထဲက ထွက်တဲ့ရေ ကုန်တဲ့အခါမှာတော့ လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာလောက် ရေထပ်ထည့်ပြီး အဖုံးအုပ်ပြီး ထပ်တည်ပါတယ်။
 အဲ့ဒီတစ်ရေခမ်းတဲ့အခါမှာတော့ ကြက်သားတွေကို အအေးခံပြီး အေးတဲ့အခါ အရိုးနွင်ပေးထားပါတယ်။

အာလူးတွေကို အခွံနွှာပြီး အတုံးကို သေးနိုင်သမျှ သေးအောင် တုံးပါတယ်၊ ပြီးတော့မှ ဆားနဲ့ နယ်ဆေးပါတယ်။
 ကြက်သွန် ဖြူ၊ နီ၊ ချင်းတို့ကို အခွံနွှာရေဆေးပြီး မညက်တညက်လေး ထောင်းပါတယ်။

 ငရုတ်သီးစိမ်းကို အညှာခြွေရေဆေးပြီး ထက်ခြမ်းခွဲထားပါတယ်။

ပင်စိမ်းရွက်ကို သန့်စင်အောင်ဆေးပေးထားပါတယ်။

အားလုံးအသင့်ဖြစ်တဲ့အခါ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေး အနည်းငယ် ခပ်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီချင်းတို့ ကို ဆီသတ်ပါတယ်။

 ကြက်သွန်ဖြူနီ နွမ်းပြီဆိုရင် အာလူးတွေကို ထည့်ပြီး ဆီသတ်၊ ပြီးရင် ကြက်သားတွေရော ထည့်ပြီး အားလုံး သမအောင်မွှေ၊ ရေအနည်းထည့်၊ အဖုံးအုပ်ပြီး တည်ပေးပါနော်။

အာလူးနူးပြီး အနှစ်ဖတ်လေးတွေ ရလာတဲ့အထိ လိုအပ်သလို ရေထည့်လိုက်၊ တည်လိုက် လုပ်ပေးပါနော်။

 အာလူးတွေ အားလုံး ကြေပြီး အနှစ်လေးတွေလို ဖြစ်ပြီဆိုရင်တော့ အရသာ အပေါ့အငံကို မြည်းပြီး လိုတာထပ်ဖြည့် ငရုတ်သီးစိမ်းလေးနဲ့ ပင်စိမ်းလေး အုပ်ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။

 အဲ့ဒါဆိုရင်တော့ ပင်စိမ်းနံ့မွှေးမွှေး၊ ငရုတ်သီးကြောင့် စပ်ရှိန်းရှိန်း၊ အာလူးအနှစ် များများနဲ့ ကြက်သားအာလူးဟင်းလေး ရပါပြီနော်။

Twitter Delicious Facebook Digg Stumbleupon Favorites More