Pages - Menu

9 Dec 2012

စွန်တန်

(၁) အလွယ်ဆုံးနည်း
ရေနွေးပွက်ပွက်ဆူအောင်တည်ပါ။ ရေနွေးတည်ထားတဲ့အချိန်မှာ ချင်းအနည်းငယ်၊ ကြက်သွန်ဖြူ နှစ်မွှာ လောက်ကို အခွံနွာရေးဆေးပြီး ဓားပြားနဲ့ ထုပေးထားပါ။ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်) အညှာခြွေ၊ ရေဆေးပြီး ထက်ခြမ်းခွဲပေးထားပါ။ စွန်တန် အနည်းငယ်ကို ရေနဲ့ အသာအယာ ဆေးကြောပေးလိုက်ပါ။

ရေနွေးပွက်ပွက်ဆူပြီဆိုရင် ချင်း ကြက်သွန်ဖြူ ငရုတ်သီးစိမ်းထည့်ပါ။ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပါ။ ပြီးမှ နောက်ဆုံး စွန်တန်ထည့်လိုက်ပါ။ အချဉ် ကြိုက်ရင် နည်းနည်း အချိန်ကြာကြာတည်ပေးပါ။ ပြီးတော့မှ ကြက်သွန်မြိတ်လေး တရုတ်နံနံလေး ဖြူးပေါ့နော်။ အဲ့ဒါကတော့ အလွယ်ကူဆုံး စွန်တန်ဟင်းရည်ချက်နည်းပါ။

 ကျွန်မကတော့ သတ်သတ်လွတ်စားတဲ့အခါ ဆီတိုဟူးရယ်၊ တိုဟူးချဉ်၊ (တောင်ကြီးက သူငယ်ချင်း မရွှေကြည်ရဲ့ တိုဟူးချဉ်ကိုလည်း လွမ်းတယ်)၊ ပဲပုပ်ပြားခြောက်ကြော်ရယ်နဲ့ ကျိုက်ထီးရိုးဘက်က လာတဲ့ ကဒတ်ခြောက် ကြော်နဲ့တွဲစားလေ့ရှိတယ်နော်။ သတ်သတ်လွတ်မဟုတ်ဘူးဆိုရင်လည်း ဆတ်သားခြောက်ဖုတ်ဆီဆမ်းလေးနဲ့ တွဲစားကြည့်နော်။
 ဒါမှမဟုတ်လည်း ဒန်ပေါက်၊ အုန်းထမင်း၊ ထောပတ် ထမင်း အစရှိတဲ့ အအီစာလေးတွေ ချက်တဲ့အခါ အအီပြေ အရည်သောက်အဖြစ် ချက်နိုင်တာပေါ့နော်။

(၂) အသားများနဲ့ တွဲဖက်ချက်ပြုတ်နည်း
ကြက်ရိုး၊ ဘဲရိုး၊ ၀က်နံရိုး အစရှိတဲ့ အရိုးပြုတ်များနဲ့လည်း စွန်ထန်ကို ချက်လို့ရပါတယ်နော်။ အသားအရိုး အတွဲ လိုက်တွေကို သေချာဆေးကြောပြီး ဆား၊ သကြားနယ်ပြီး ပြုတ်ပါ။ ပွက်ပွက်ဆူလာရင် ချင်းနဲ့ ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပြီး ခပ်ကြာကြာတည်ပေးပါနော်။ ကြာကြာပြုတ်လေ အရိုးထဲကနေ အရသာတွေ ထွက်လာစေ တာမို့ သိပ်ကောင်းပါတယ်နော်။
ထမင်းပွဲ ပြင်ခါနီးမှ အရိုးပြုတ်ထဲကို ခရမ်းချဉ်သီးလေးကို ရှစ်စိတ်ပိုင်းပြီး ထည့်ပါနော်။
 ပြီးတော့ ဆား၊ ဟင်းခတ်မှုန့်ထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပါ။ စွန်ထန်ထည့်ပြီး တည်ပေးပါနော်။ ပွက်ပွက်ဆူပြီဆိုရင် အရသာအပေါအငန်မြည်းပြီး လိုအပ်တဲ့အရသာ ထပ်ဖြည့်ပါ။
 ပြီးတော့မှ တရုတ်နံနံ ကြက်သွန်မြိတ်လေး ခပ်စားပါနော်။ ကြိုက်တတ်ရင် ပဲပြားပါ ထည့်ချက်ရင် ရပါတယ်နော်။ ခေါက်ဆွဲကြော်၊ ကြာဇံကြော် အစရှိတာတွေနဲ့ တွဲစားပါနော်။

Twitter Delicious Facebook Digg Stumbleupon Favorites More